လက်နက်ခဲယမ်း အကူအညီရဖို့ မြောက်ကိုရီးယားကို ရုရှား ကာကွယ်ရေး ဝန်ကြီး သွားရောက်ခဲ့တာလို့ အမေရိကန် ယူဆ

ဇူလိုင်၊ ၃၁

ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ ယူကရိန်း စစ်ပွဲအတွက် လက်နက်ခဲယမ်း မီးကျောက်တွေ အထောက်အပံ့ ရရှိဖို့ အားထုတ်မှု တခု ဖြစ်လိမ့်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မြောက်ကိုရီးယား အစိုးရဟာ ကိုရီးယားစစ်ပွဲ အဆုံးသတ်သွားတဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲ အခမ်းအနားတွေကို ပြုံယမ်းမြို့တော်မှာ ကျင်းပခဲ့ပြီး စစ်ရေး မဟာမိတ်တွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားတို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။

တရုတ်အစိုးရက ပေါ်လစ်ဗျူရို ထိပ်တန်းအရာရှိ တဦး ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းဆီ စေလွှတ်ခဲ့ပေမယ့် ရုရှားရဲ့ ကိုယ်စားလှယ် အဖွဲ့ကိုတော့ ရွှိုင်ဂူကိုယ်တိုင် ဦးဆောင်ခဲ့ပါတယ်။ ဒါဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ရုရှား ကာကွယ်ရေး ဝန်ကြီးတဦး မြောက်ကိုရီးယားမြေကို ပထမဆုံးအကြိမ်​ ခြေချမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဘလင်ကန်ကတော့ ရွှိုင်ဂူရဲ့ မြောက်ကိုရီးယား ခရီးစဉ်ဟာ သာမန် သံတမန်ရေးရာ ကိစ္စမျိုးမဟုတ်ဘဲ ယူကရိန်း စစ်ပွဲကြောင့် ခဲယမ်းမီးကျောက် အလွန်အကျွံ ပြုန်းတီးနေမှုတွေကို ကုစားအဖြေရှာဖို့ ရုရှားရဲ့ သွေးရူးသွေးတမ်း အားထုတ်မှု တခု ဖြစ်လိမ့်မယ်လို့ မှတ်ချက် ပေးပါတယ်။

ရွှိုင်ဂူဟာ မြောက်ကိုရီးယားကို အားလပ်ရက် အပန်းဖြေခရီး ထွက်သလို စိတ်လက် ပေါ့ပေါ့ပါးပါးနဲ့ သွားရောက်တာမျိုး ဖြစ်လိမ့်မယ်လို့ သူမယုံနိုင်ကြောင်း ဘလင်ကန်က ဆိုပါတယ်။ ဩစတြေးလျမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ဘလင်ကန်က ရုရှားအနေနဲ့ စစ်လက်နက် အထောက်အပံ့တွေ ရရှိနိုင်ဖို့ ဘယ်လောက် သွေးရူးသွေးတမ်း ဖြစ်နေသလဲ ဆိုတာကို လူတိုင်း သဘောပေါက်ကြောင်း၊ ရုရှားဟာ ယူကရိန်းကို ဖိအားပေး အနိုင်ကျင့်ဖို့ သူတို့ရဲ့ ရည်မှန်းချက်အတွက် ရရာနေရာက အထောက်အပံ့တွေ ရှာဖွေနေမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ဟာ စစ်ရေးအရ အရမ်းရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ယူကရိန်းအပေါ် ဆင်နွှဲတဲ့ ရုရှားကျူးကျော်စစ်ကို မြောက်ကိုရီးယားက အတိအလင်း ထောက်ခံထားပါတယ်။

အမေရိကန် အစိုးရက မြောက်ကိုရီးယားဟာ ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ ယုံကြည်ရကြောင်း စွပ်စွဲခဲ့ဖူးပေမယ့် မြောက်ကိုရီးယား အစိုးရက ခါးခါးသီးသီး ငြင်းဆိုထားခဲ့ပါတယ်။

ရွှိုင်ဂူရဲ့ ပြုံယမ်း ခရီးစဉ်အတွင်း သူဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ ရင်းရင်းနှီးနှီး ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြသွားခဲ့ပါတယ်။

 

Ref: Reuters