ဘုတလင်မှာ စစ်ကောင်စီသတင်းပေးတွေကြောင့် ဗကသအဖွဲ့ဝင်သုံးဦးအပါအဝင် ရှစ်ဦး သေဆုံး

ဇူလိုင်၊ ၃၀
 
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ရွာမှာ စစ်ကောင်စီသတင်းပေးတွေကြောင့် ဇူလိုင်လ၂၈ ရက်မှာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်း စီးနင်းခံရပြီး ဗကသ ကျောင်းသား သုံးဦးအပါအဝင် ရှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
“ သူတို့က ရွာထဲက သူတို့ဆရာအိမ်မှာ နေတာ၊ အိမ်မှာမအိပ်ဘူး။ သူတို့ဆရာအိမ်အိပ်တာ စခန်းရယ်လို့ မဟုတ်ဘူးပေါ့ဗျာ။ သူတို့နေတဲ့အိမ်ပေါ့။ ရွာထဲကို ဝင်တာက သချိုင်္င်းကုန်းဖက်ကနေ စဝင်တာ ရွာရဲ့အနောက်ဖက် သချိုင်းကုန်းဖက်ကနေ ဝင်တာ၊ ဒလန်လည်းကောင်းလို့ပါ။ သတင်းပေးလည်းကောင်းလို့ပါ။ သူတို့‌နေတဲ့အိမ်ဆို ချောင်ကြိုချောင်ကြား တော်တော်ကျတယ်။ တော်ရုံတန်ရုံ ရွာထဲကလူတောင် နာမည်ပြောပြီးသွားရင်တောင် အဲ့ဒီအိမ်က တော်တော်ရှာရခက်တယ် “ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတဦးက ဆိုပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ညောင်ကန်ရွာက ဗကသကျောင်းသားသုံးဦး အပါအဝင် လေးဦး၊ ရွာသာရွာက ဒေသခံတဦး၊ ဖျောက်ဆိပ်ကုန်းရွာက တဦးနဲ့ တွင်းတောင်ရွာသား နှစ်ဦး စုစုပေါင်း ရှစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
အင်အားတရာကျော်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဇူလိုင်လ ၂၇ ရက်ညမှာ တွင်းတောင်ရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး နောက်ရက်မနက် ၄ နာရီခန့်မှာ ဘုတလင်က စစ်ကြောင်းနဲ့အတူ စစ်ကြောင်းနှစ်ကြောင်းခွဲကာ ညောင်ကန်ရွာကို စီးနင်းဝင်ရောက်ခဲ့ပြီး ဗကသကျောင်းသားသုံးဦး အပါအဝင် လေးဦးကို သတ်ဖြတ်ခဲ့တာပါ။
 
“ အဲ့အိမ်မှာ ရှိတာက ခြောက်ယောက်ရှိတယ်။ ကလေးသုံးယောက်ကတော့ ဘယ်လိုမှကို မလှုပ်သာ မရုန်းသာနဲ့၊ ရောက်ကတည်းက သေနတ်နဲ့ပစ်လိုက်ပုံရတယ်။ ကျန်တဲ့သုံးယောက်အဲ့ ကိုယ်လွတ်ရုန်းပြီးတော့ ပြေးတဲ့ခါကျတော့ ကျန်တဲ့သုံးယောက်က လွတ်လာတယ် “ လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ရွာသာရွာ၊ ဖျောက်ဆိပ်ကုန်းရွာနဲ့ တွင်းတောင်ရွာတို့ကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပြီး အဲဒီရွာတွေက ဒေသခံ လေးဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က မီးရှို့လို့ ညောင်ကန်ရွာ၊ ရွာသာရွာ၊ ဖျောက်ဆိပ်ကုန်းရွာ၊ ကျောက်ရေအိုးရွာ တွေက နေအိမ် ၂၆ လုံးအပါအဝင် စာသင်ကျောင်းတကျောင်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆက်လက်ပြောကြားပါတယ်။
 
နေအိမ်တွေကို မီးရှို့ပြီးနောက် အဆိုပါစစ်ကြောင်းနဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်ကလည်း ထိခိုက်ကျဆုံးတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
” ကျောက်ရေအိုးရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်သေးတယ်ဗျ။ သူတို့ဖက် အကျအဆုံး အတိအကျကို မသိသေးဘူး၊ ကျောက်ရေအိုးရွာက နေအိမ်တအိမ်ကို မီးရှို့တဲ့ချိန်မှာ သူတို့ စစ်ကောင်စီဖက်က တယောက်ကိုရောပြီးတော့ မီးရှို့ထားတယ်။ မီးကတော့ ကျွမ်းနေပြီ။ သူတို့စစ်ကောင်စီ ယူနီဖောင်းပါတယ်၊ ဘတ်တံဆိပ်ပါတယ်၊ အလောင်းတစ်လောင်းတော့ တွေ့တယ် ” လို့ ဒေသခံနောက်တဦးက ဆိုပါတယ်။
 
အခုလိုမျိုး ဗကသကျောင်းသားတွေနဲ့ ဒေသခံတွေ သေဆုံးခဲ့တာဟာ စစ်ကောင်စီသတင်းပေးတွေက သတင်းအတိအကျပေးခဲ့လို့ ကျေးရွာထဲ စီးနင်းဝင်ရောက်ခဲ့ပြီး သတ်ဖြတ်ခဲ့တာတွေ လုပ်ဆောင်နိုင်ခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်က မီးရှို့သွားတဲ့ အိမ်တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ခေါင်းဆောင်အိမ် ပါနေတာကလည်း သတင်းပေးတွေက တိတိကျကျ သိနေပြီး သတင်းပေးတဲ့အတွက် ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
 
” ရွာထဲကသူတွေတောင် ဒါ ပကဖ၊ ပအဖ အိမ်တွေဆိုတာ ကောင်းကောင်းမသိတဲ့သူက ရှိတယ်။ သူတို့ ဒလန်တွေက သိနေကြတယ်။ အဲ့လိုမျိုး ဟိုဟာတွေပြောကြတာတော့ နာမည်ရော စာရင်းရော အတိအကျပါတယ်လို့ ပြောတယ် ” လို့ ဒေသခံနောက်တဦးက ဆိုပါတယ်။
 
သေဆုံးခဲ့သူ ရှစ်ဦးထဲက သုံးဦးဟာ ဘုတလင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်တွေဖြစ်ပြီး ‌အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ကျောင်းမှာ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း)ဖြေဆိုထားတဲ့သူတွေလို့လည်း သိရပါတယ်။
 
“ ဟုတ်တယ်။ အခုမှ ကျွန်တော်တို့ရွာက ဟိုအာဏာသိမ်းလိုက်တော့ စာမေးပွဲ မဖြေရဘူးလေ။ ဆယ်တန်းလေးတွေ၊ ဆယ်တန်းလေးတွေက ရွာက NUG ကျောင်းမှာ ဆယ်တန်းဖြေပြီးကာစလေးတွေရှိသေးတာ “ လို့ ညောင်ကန်ဒေသခံအမျိုးသားက ပြောပါတယ်။
 
ဓာတ်ပုံ – CJ