မအူကျေးရွာကို လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်အပါအဝင် သုံးဦး ဒဏ်ရာရ

ဇူလိုင် ၊ ၃၀

စစ်ကိုင်းတိုင်း၊  မုံရွာမြို့ မှာစစ်ကောင်စီတပ်က ဇူလိုင်လ ၂၉ ရက်က ၆၀ မမလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် မအူရွာက  အသက် ၁၅ နှစ်အရွယ်  အမျိုးသမီးတဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စကစရဲ့ လက်နက်ကြီးက အိမ့်ရှေ့တည့်တည့်ကျပြီးတော့ ပေါက်ကွဲတာပေါ့။ အဲဒီမှာ သားအမိနှစ်ဦးထိတယ်၊ သမီးဖြစ်သူက သေဆုံးတယ်။ အိမ်နီးချင်း ဗိုက်ကြီးသည်နဲ့ အမျိုးသမီးတဦး ထိတယ်”လို့ ဒေသခံတဦးက ဆိုပါတယ်။

မုံရွာမြို့အဝင် မအူဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ မနေ့က ညနေ ၅ နာရီခန့်မှာ လက်နက်ကြီးကျည်ဟာ မအူကျေးရွာထဲက  နေအိမ်ရှေ့ တည့်တည့်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး သားအမိနှစ်ဦးနဲ့ အခြားအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။

 အဲဒီထဲကမှ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးကတော့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး အသက် နှစ်ဆယ်ကျော်အရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

‘’သေတဲ့ကလေးမလေးရဲ့ အမေလည်း ထိခိုက်ဒဏ်ရာရတယ်။ ကိုယ်ဝန်ဆောင်သည်တဦးကတော့ ပေါင်ထိတယ်။ သူကိုတော့ ဒီဘက်မှာမနိုင်လို့ တခြားတနေရာကို လွှဲထားရတယ်။ ကျန်တဦးကတော့ မစိုးရိမ်ရဘူး”လို့ အဲဒီဒေသခံကဆိုပါတယ်။

 လက်ရှိမှာတော့ ထိခိုက်ဒဏ်ရာရရှိသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG )လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးပေးခန်းတခန်းမှာ  ဆေးဝါးကုသမှုပေးနေတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

မအူ စစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မအူကျေးရွာထဲကို ဒေသကာကွယ်ရေးတပ်တွေရှိတယ်ဆိုပြီး အခုလို လက်နက်ကြီးတွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိတယ်လို့လည်း ဒေသခံကာကွယ်ရေးတပ် ခေါင်းဆောင်တဦးက ဆိုပါတယ်။

“သူတို့က(စစ်ကောင်စီတပ်) အဲဒီရွာထဲကို လက်နက်ကြီးနဲ့မကြာမကြာ ပစ်လေ့ရှိတယ်။ ကာကွယ်ရေးတပ်တွေရှိတယ်ထင်ပြီးတော့ နေ့ရော ညရော ပစ်တာ၊ မူးရူးပြီးလည်း ပစ်တယ်။ တကယ်တမ်းက အဲဒီရွာထဲမှာ ဘာကာကွယ်ရေးအဖွဲ့မှမရှိဘူး။ တိုက်ပွဲမရှိဘဲနဲ့  အရပ်သားနေအိမ်တွေကိုပစ်တာ။ ဒေသခံတွေလဲ တချို့ကြောက်လို့ ထွက်ပြေးကုန်ကြပြီ”လို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲလို့ မအူကျေးရွာကဒေသခံအမျိုးသားတဦး သေဆုံးခဲ့ရဖူးသလို လက်ရှိမှာ ဒေသခံတွေအနေနဲ့ ကြောက်လန့်စိုးရိမ်နေတာကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။

အဲဒီ မုံရွာမြို့အဝင်က စစ်ကောင်စီတပ်အထိုင်ချထားတဲ့ မအူစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့တွေက မကြာခဏ သွားရောက်တိုက်ခိုက်လေ့ရှိတယ်လို့လည်း ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကဆိုပါတယ်။