နှစ်နှစ်ဆယ်နီးပါး တွဲခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်သွားပြီဖြစ်တဲ့ The Lady ဇာတ်ဆောင် မင်းသမီးကြီး မစ်ရှယ်လ်ယို

ဇူလိုင် ၊ ၂၉

ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ခဲ့ဖူးသူ မလေးရှား မင်းသမီးကြီး မစ်ရှယ်လ်ယိုဟာ နှစ်ပေါင်း ၂၀ နီးပါး အတူရှိခဲ့တဲ့ လက်တွဲဖော်နဲ့ လက်ထပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

 နှစ်ဆန်းပိုင်းမှာ ကျင်းပခဲ့တဲ့ အော်စကာ ဆုနှင်းသဘင်မှာ Everything Everywhere All at Once ဇာတ်ကားနဲ့အတူ အမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိထားတဲ့ အသက် ၆၀ အရွယ် မင်းသမီးကြီးဟာ အခုသီတင်းပတ်ထဲမှာ ဂျင်းတော့ဒ်နဲ့ အကျဉ်းရုံး လက်ထပ်လိုက်တာ ဖြစ်ပါတယ်။ ကားပြိုင်ပွဲ အမှုဆောင် သူဌေးကြီး တဦးဖြစ်တဲ့ တော့ဒ်ဟာ ယိုနဲ့ စေ့စပ်ထားတာ ၁၉ နှစ် ကြာခဲ့ပါပြီ။

 အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ တော့ဒ်က သူတို့ရဲ့ မင်္ဂလာပွဲ အကြောင်းကို လူမှုကွန်ရက် မီဒီယာ X (အရင် Twitter)ပေါ်မှာ အတည်ပြု ရေးသား ဖော်ပြခဲ့ပြီး ဓာတ်ပုံတပုံထဲမှာတော့ သတို့သမီးဟာ မင်္ဂလာပွဲကို အော်စကာဆုပါ ယူဆောင်လာပြီး ဂုဏ်ယူစွာ ပြသနေတာကို တွေ့ရပါတယ်။

 တော့ဒ်နဲ့ ယိုတို့ဟာ ၂၀၀၄ ခုနှစ်၊ ဇွန်လတုန်းက ရှန်ဟိုင်းမှာ စတင်သိကျွမ်းခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ထပ် ၆၉၉၂ ရက် ကြာပြီးတဲ့နောက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မိသားစုတွေ၊ ဧည့်ပရိသတ်တွေနဲ့အတူ မင်္ဂလာပွဲ ကျင်းပခဲ့တယ်လို့ ရေးသားထားတဲ့ စာသားကို ဖော်မြူလာဝမ်း ပြိုင်ကားသမား ဖိလစ်ပီ မက်ဆာကလည်း မျှဝေခဲ့ပါတယ်။

ယိုရဲ့ ရှည်လျားပြီး တောက်ပခဲ့တဲ့ အနုပညာသမား ဘဝမှာ အောင်မြင်တဲ့ ဇာတ်ကားတွေ အများကြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၁ တုန်းက ထွက်ရှိခဲ့တဲ့ The Lady ဇာတ်ကားမှာတော့ ယိုဟာ လက်ရှိမှာ အကျဉ်းကျ ခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ မြန်မာ့ ဒီမိုကရေစီ မီးရှူးတန်ဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။

 အနုပညာနဲ့ ပတ်သက်ရင် အရမ်းစိတ်နှစ်ပြီး အလုပ်လုပ်လေ့ရှိတဲ့ ယိုဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်အဖြစ် သရုပ်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ စုဆောင်းရရှိသမျှ အသံနဲ့ ရုပ်သံမှတ်တမ်းတွေကို နာရီပေါင်း ၂၀၀ လောက် အချိန်ပေး ကြည့်ရှုခဲ့သလို မြန်မာစကားကိုလည်း အတိုင်းအတာ တခုထိ သင်ယူခဲ့ပါတယ်။ ဇာတ်ကားထဲမှာ သူဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင် မိန့်ခွန်းတချို့ကို မြန်မာလို ပြောခဲ့ပါတယ်။

 နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ တူညီစေဖို့အတွက် အဲဒီဇာတ်ကားမှာ ယိုဟာ အတော်လေး ပြင်းပြင်းထန်ထန် ဝိတ်ချခဲ့ရပါတယ်။ ဇာတ်ကားထဲမှာ သူဝတ်ခဲ့တဲ့ ဝတ်စုံတွေကလည်း မြန်မာ့ရိုးရာ ချည်ထည်နဲ့ ပိုးထည် အစစ်တွေ ဖြစ်တယ်လို့ ယိုက New York Post သတင်းဌာနကို ပြောပြခဲ့ဖူးပါတယ်။

 The Lady ဇာတ်ကားဟာ ငွေကြေး အကျိုးအမြတ်အရ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့ပေမယ့် နိုင်ငံတကာ သံတမန်ရေးရာ ရပ်ဝန်းမှာတော့ အကိုးအကား ပြုစရာတခု အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သက်ရောက် လွှမ်းမိုးခဲ့ပါတယ်။ ထင်ရှားတဲ့ ဥပမာတခု အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး(ဟောင်း) ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်း မတွေ့ခင်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ စိတ်ထားတွေကို အထိုက်အလျောက် တီးမိခေါက်မိ ရှိစေဖို့အတွက် The Lady ဇာတ်ကားထဲက ယိုရဲ့ သရုပ်ဆောင်မှုတွေကို စောင့်ကြည့်ခဲ့ဖူးကြောင်း သိရပါတယ်။