ကန့်ဘလူမှာ ဇူလိုင်လအတွင်း စစ်ရှောင် ၁၁ ဦး မြွေကိုက်ခံရပြီး တဦး သေဆုံး

ဇူလိုင်၊ ၂၈
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ယခုဇူလိုင်လအတွင်း စစ်ဘေးရှောင်နေရတဲ့ အရပ်သား ၁၁ ဦး မြွေကိုက်ခံခဲ့ရပြီး တဦးသေဆုံးခဲ့တယ်လို့ ကျွန်းလှတတ်ကြွလှုပ်ရှားသူများအသင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
 
“ ကန့်ဘလူမြို့နယ်ထဲမှာ နေရာအတော်များများ စစ်ဘေးရှောင်နေရတယ်။ မြွေကိုက်ခံရတဲ့ ၁၁ ဦးလုံးက စစ်ဘေးရှောင်နေချိန်မှာ ကိုက်ခံရတာ။ မြေပြင်အနေအထားအရ အသက်သေဆုံးသူဟာ အချိန်မှီ ဆေးဝါးကုသမှု မရလို့ အသက်သေဆုံးသွားတာပါ ” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
သေဆုံးသူဟာ ချပ်သင်းတိုက်နယ်က အသက် ငါးဆယ်အရွယ် ဦးစိန်ချိုဖြစ်ပြီး သူရောက်ရှိချိန်မှာ BPI မြွေဆိပ်ဖြေဆေး ၁၇ လုံးနဲ့ အိန္ဒိယမြွေဆိပ်ဖြေဆေး ၂၃ လုံး ထိုးနှံကုသပေးခဲ့ပေမယ့် အချိန်မှီမရောက်လာတာကြောင့် သေဆုံးရတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ကန့်ဘလူမြို့နယ်မှာ ယခု ဇူလိုင်လအတွင်း စစ်ဘေးတိမ်းရှောင်ချိန်မှာ ထန်းကုန်းတိုက်နယ်မှ သုံးဦး၊ ချပ်သင်းတိုက်နယ်မှ လေးဦး၊ ဇီးကုန်းတိုက်နယ်မှ နှစ်ဦး၊ ပင့်သာ၊ ကန့်ဘလူတိုက်နယ်တို့မှ တဦးစီ မြွေဆိုးကိုက်ခံရပြီး အမျိုးသားရှစ်ဦးနဲ့ အမျိုးသမီးသုံးဦးတို့ ပါဝင်ပါတယ်။
 
ကန့်ဘလူနယ်မှာ မြွေဆိုးကိုက်ခံရပါက နီးစပ်ရာကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေက မြန်မာ့ဆေးဝါးလုပ်ငန်းကထုတ်တဲ့ BPI မြွေဆိပ်ဖြေဆေးနဲ့ အိန္ဒိယနိုင်ငံထုတ် မြွေဆိပ်ဖြေဆေးကို အဓိကထားပြီး ကုသမှုပေးနေတာလို့ ဒေသခံတွေက ပြောပါတယ်။
 
လက်ရှိမှာ မြန်မာ့ဆေးဝါးလုပ်ငန်း BPI ထုတ် မြွေဆိပ်ဖြေဆေး တလုံးစျေးက ကျပ်တသိန်းသုံးသောင်းလောက် ပေးဝယ်ရသလို အိန္ဒိယမြွေဆိပ်ဖြေဆေးတလုံးဟာလည်း ကျပ်လေးသောင်းလောက် စျေးရှိပြီး လိုသလောက် ဝယ်မရဘူးလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင် တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကန့်ဘလူမြို့က စစ်ရှောင်တွေဟာ စစ်ကောင်စီတပ်က မကြခဏစစ်ကြောင်းထိုးနေတာကြောင့် နေ့စဉ်ရက်ဆက် စစ်ရှောင်နေရသလို လယ်ယာလုပ်ငန်းကိုလည်း အချိန်ပြည့်လုပ်ကိုင်နိုင်တာ မရှိဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
 
အဲဒီလို အလုပ်မလုပ်နိုင်ပဲ ဝင်ငွေနည်းပါးလာတာကြောင့် မြွေဆိုးကိုက်ခံရပါက ဆေးရုံဆေးခန်း ပြသဖို့ ခက်ခဲသလို နီးစပ်ရာ ဆေးမြီးတိုတွေနဲ့ ကုသနေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံက သိရပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီက စစ်ကြောင်းထိုးနေချိန်မှာ မြွေဆိုးကိုက်ခံရတဲ့သူတွေဟာ နယ်မြေဒေသ အခြေအနေအရ အခြားနေရာကို သွားရောက်ဆေးကုသခွင့် မရတာကြောင့် သေဆုံးရတဲ့သူတွေလည်း ရှိနေပါတယ်။
 
အဲဒီလို နယ်မြေဒေသအခြေအနေနဲ့ ငွေကုန်ကြေးကျခံပြီး ကုသနိုင်ခြင်း မရှိတာကြောင့် ရိုးရာဆေးမြီးတိုနဲ့ ကုသခြင်း၊ စုပ်ပေါက်ခြင်း စတဲ့ နည်းလမ်းတွေနဲ့ ဖြစ်သလို ကုသနေကြတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ သေဆုံးရတာတွေရှိနေတယ်လို့လည်း သိရပါတယ်။
 
ကန့်ဘလူခရိုင်အတွင်းမှာ လတိုင်းနီးပါးဆိုသလို စစ်ရှောင်တွေ မြွေကိုက်ခံနေရကာ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကနေ စတင်ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မြွေဆိုးကိုက်ခံရသူ တရာ ကျော်အထိ ရှိတယ်လို့ မြေပြင်မှာ ဆေးဝါးကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ စုဆောင်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
 
အဲဒီလို မြွေဆိုးကိုက်ခံရသူ တရာကျော်ထဲမှာ သေဆုံးသူ ခုနှစ်ဦးရှိပြီး သေဆုံးသူတွေထဲမှာ အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တဦးနဲ့ အသက်အကြီးဆုံးက ၆၁ နှစ် အရွယ်အထိ ပါဝင်တယ်လို့လည်း အဲဒီအချက်အလက်တွေအရ သိရပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့