ဂန့်ဂေါမှာ ရိက္ခာထွက်ရှာတဲ့ စစ်အုပ်စု ပစ်ခတ်ခံရလို့ နှစ်ဦးသေဆုံး

ဇူလိုင်၊ ၂၈
 
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းရဲစခန်း အတွင်း ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မနေ့က ရွာထဲကို ရိက္ခာထွက်ရှာရာက ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးသွားတယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
” မနက်ပိုင်း သူတို့ ရိက္ခာထွက်ရှာတာ၊ ကျွန်တော်တို့ သူတို့စခန်းကို ဝိုင်းထားတာလည်း သုံးလနီးပါး ရှိပြီဆိုတော့ ဆန်ရှိပေမယ့် ဟင်းက ပြတ်တော့မှာလေ၊ ရွာထဲက မီးသတ်ရုံးနားမှာ ပစ်ခတ်မှု ဖြစ်တာပါ၊ နှစ်ယောက်သေတာမှာ တယောက်အလောင်းကိုတော့ ဆွဲသွားတယ်၊ ကျန်တလောင်းက ခုထိ လာမကောက်သေးဘူး ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
မနေ့က မနက်ပိုင်းက တောင်ခင်ရန်းရွာထဲမှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံတဦးကလည်း အတည်ပြုပါတယ်။ တောင်ခင်ရန်းရွာ ရဲစခန်း ဟာ ရွာရဲ့အရှေ့တောင်ဘက်စွန်မှာ တည်ရှိတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာဟာ ရွာလယ်ဘုန်းကြီးကျောင်းဝန်းကျင်မှာ ဖြစ်တဲ့အတွက် ရဲစခန်းနဲ့ သိပ်မဝေးဘူးလို့ အဲ့ဒီဒေသခံတဦးက ပြောပါတယ်။
 
” ရွာထဲမှာလည်း လူမနေကြတော့ဘူးလေ၊ ကတုတ်ကျင်းတွေခဲနေပြီးပြီကား၊ PDF တွေက ရွာထဲမှာပဲ တပ်ထိုင် ထားတယ်၊ အဲ့တော့ သူတို့ သိပ်မလှုပ်သာဘူး၊ သူတို့ စခန်းထဲမှာ ပိတ်မိနေပါပြီ၊ ရွာထဲလာတာနဲ့ ခံရတာပဲ၊ မနေ့က နှစ်ယောက်သေတာမှာ ပျူလား၊ စခလားတော့ မသိနိုင်သေးဘူးဗျ၊ တလောင်းကတော့ လာမကောက်သေးဘူး၊ အနီးကပ် သွားကြည့်တာမျိုးလည်း မရှိတော့ မသိရသေးဘူး ” လို့ သူကပြောပါတယ်။
 
တောင်ခင်ရန်း ရဲစခန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက တဦးဟာ မေလဆန်းပိုင်းမှာ အရပ်ဝတ်နဲ့ အပြင်ထွက်ရာက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ သေဆုံးခဲ့ပြီးကတည်းက နှစ်ဘက်စစ်ရေး တင်းမာနေခဲ့တာပါ။
 
အဲ့ဒီပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီက တောင်ခင်ရန်း ရွာခံနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ရွာခံတွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး ရိက္ခာတောင်းယူတာမျိုးတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အဲဒီနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရွာထဲမှာ လာရောက်တပ်စွဲကြသလို ဒေသခံတွေလည်း နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
 
” ပြတ်ပြတ်သားသား လုပ်ရမယ့်အချိန် ရောက်လာပြီကိုး၊ ကလေးတွေ လာအထိုင်ချတော့ ရွာခံတွေလည်း ရှောင်ကြတယ်၊ ဇွန်လဆန်းပိုင်း တရက်နှစ်ရက်နေ့လောက်ဆို တရွာလုံးနီးပါး ရှောင်ကြပြီးပြီ၊ ရွာကတော့ စစ်မြေပြင် ဖြစ်နေပြီ၊ ဒုက္ခဖြစ်ပေမယ့် ကျေနပ်တယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်ကလည်း တောင်ခင်ရန်းရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရဲစခန်း တောင်ဘက် သာလင်းရွာမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဆီးကြိုတိုက်ခိုက်ခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ တောင်ခင်ရန်း ရဲစခန်းဝန်းကျင်မှာ နောက်ဆုံးကျန်ရစ်ခဲ့ကြတဲ့ သာလင်းရွာက ဒေသခံတွေလည်း ရွာကနေ တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။
ဂန့်ဂေါမြို့ပေါ်ကလွဲလို့ မြို့နယ်အတွင်း နယ်မြေအများစုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေက စိုးမိုးထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
 
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက စစ်ကောင်စီရဲစခန်းတွေဖြစ်တဲ့ ကန်ရွာရဲစခန်း၊ တောင်ခင်ရန်းရွာရဲစခန်း၊ ဟံသာဝတီရဲစခန်း တို့ရှိရာမှာ တောင်ခင်ရန်းရွာ ရဲစခန်းနဲ့ ကန်ရွာ ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝန်းရံပိတ်ဆို့ထားပြီး ပျူစောထီး ကျေးရွာဖြစ်တဲ့ ဟံသာဝတီရွာ နဲ့ စခန်းကိုပဲ စစ်ကောင်စီက စိုးမိုးထားနိုင်တော့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
” ကျန်နှစ်ရွာက ဘယ်လွယ်မလဲ၊ ဟံသာဝတီတောင် ဆီတပေပါ သိန်းနှစ်ဆယ်၊ သိန်းမင်းဆေးလိပ်ခွေတခွေ နှစ်သောင်းနီးပါး စျေးရှိတယ်၊ PDF တွေက ပိတ်ဆို့ထားနိုင်တာကိုး၊ တောင်ခင်ရန်းနဲ့ ကန်က ကြာကြာခံနိုင်မှာ မဟုတ်ဘူး ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။
 
ဓာတ်ပုံ – Social Media