ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၊ တရုတ်ကိုယ်စားလှယ်နဲ့ပါ ဆွေးနွေးဖွယ်ရှိ

ဇူလိုင်၊ ၂၈

၂၀၂၁ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ မြန်မာစစ်တပ်ရဲ့ မတရား အာဏာသိမ်းမှုကို ခံရပြီးချိန် ကတည်းက ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ တွေ့ဆုံခဲ့ပြီး တရုတ်အစိုးရရဲ့ ကိုယ်စားလှယ် တဦးနဲ့ပါ ဆွေးနွေးသွားဖွယ် ရှိနေကြောင်း AFP သတင်းဌာနက ဖော်ပြသွားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ အမည်မဖော်သူ တာဝန်ရှိသူ တစ်ဦးက အခုကိစ္စကို AFP သတင်းဌာနဆီ အသိပေးခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အရင်က နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အစိုးရအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုသီတင်းပတ် အစောပိုင်းတုန်းက အဆင့်မြင့် နေအိမ်တခုဆီ ပြောင်းရွှေ့ပြီး အကျယ်ချုပ်အဖြစ် ပြောင်းလဲထားတယ်လို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။

AFPရဲ့ သတင်းရင်းမြစ်ဖြစ်တဲ့ NLD အရာရှိက ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးတီခွန်မြတ်နဲ့ တွေ့ဆုံဖြစ်ခဲ့တယ် ဆိုတာကို အတည်ပြုပြီး လောလောဆယ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ် အစိုးရ အာရှရေးရာ အထူးကိုယ်စားလှယ် တန်ရှီကျွမ်နဲ့လည်း တွေ့ဆုံဖွယ် ရှိတယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ တန်ဟာ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ငြိမ်းချမ်းရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံပိုင် သတင်းစာတွေကလည်း ဖော်ပြထားပါတယ်။

ဦးတီခွန်မြတ်ဟာ NLD အစိုးရ တာဝန်ယူချိန် အတောအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးတဲ့ နောက်မှာတော့ လူမြင်ကွင်းကနေ လုံးဝနီးပါး ပျောက်ကွယ်နေခဲ့ပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ဦးတီခွန်မြတ်ကို ရာထူးက ဖယ်ရှားတာမျိုး မရှိခဲ့ဘဲ ၆ လတကြိမ် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ သက်တမ်းတိုးရေး အစည်းအဝေးတွေမှာသာ လူလုံးထွက်ပြစေခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမျိုးကို အခုလကုန်ပိုင်းမှာ ထပ်မံကျင်းပမှာဖြစ်ပြီး နောက်ထပ် သက်တမ်းတိုးကာလ ထပ်သတ်မှတ်မလား ဆိုတာကိုတော့ မကြေညာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိ လိုက်စားမှု အပါအဝင် စစ်ကောင်စီ ထိန်းချုပ်တဲ့ တရားရုံးတွေဆီက ပြစ်ဒဏ်အမျိုးမျိုးနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် ခံထားရတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်း ပြင်ပကမ္ဘာနဲ့ လုံးဝနီးပါး အဆက်ဖြတ်တာ ခံထားရပြီး မကြာသေးခင်ကတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက သူဟာ နေပြည်တော် အကျဉ်းထောင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ်ကလည်း အဲဒီတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဆွေးနွေးမှုတွေက ၁ နာရီကျော် ကြာမြင့်ခဲ့ကြောင်း ကြေညာပေမယ့် အသေးစိတ် အကြောင်းအရာတွေကိုတော့ မဖော်ပြခဲ့ပါဘူး။

စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာ အပြင်းအထန် ဆင်နွှဲနေတဲ့ ခုခံစစ်ပွဲတွေကြောင့်ရော၊ နိုင်ငံတကာ ဖိအားပေးမှုတွေကြောင့်ပါ နိုင်ငံရေး ထွက်ပေါက် ပျောက်နေ​တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို စေ့စပ်ညှိနှိုင်းဖို့ ပြန်လည် အာရုံစိုက်လာနိုင်ကြောင်း ဝေဖန် သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ကို အဓိက ကျောထောက်နောက်ခံ ပေးနေတဲ့ အဓိက စူပါပါဝါ နိုင်ငံဖြစ်တဲ့ တရုတ်ကလည်း လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ထဲထဲဝင်ဝင် ကူညီဖြေရှင်းဖို့ ပိုမို အာရုံစိုက်လိုတဲ့ အရိပ်လက္ခဏာတွေ ပြသလာပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အစဉ်တစိုက် ကျူးလွန်ခဲ့တဲ့အတွက် လူပေါင်း ၃၈၀၀ ကျော် သေဆုံးခဲ့ပြီးပါပြီ။ ဒါ့အပြင် NLD အစိုးရ အဖွဲ့ဝင် ထိပ်တန်း အရာရှိတွေ အပါအဝင် လူပေါင်း သောင်းနဲ့ချီပြီး နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီး ခံထားရဆဲ ဖြစ်ပါတယ်။

 

Ref: AFP