လားရှိုးမြို့နယ် TNLA တပ်စခန်းအနီးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

ဇူလိုင်၊ ၂၇
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် အတွင်းရှိ တအာင်းအမျိုးသားတပ်မတော် TNLA အဖွဲ့ရဲ့ တပ်စခန်းတခု အနီးကို စစ်ကောင်စီတပ်က ဒီကနေ့မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက အတည်ပြုပြောဆိုပါတယ်။
 
“ ဆယ်မိုင်ကုန်းမှာ စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲသွားတယ်။ TNLA ရဲ့ တပ်စခန်းတခုလည်း ရှိတယ်၊ အဲဒါကို ကြဲတာနဲ့တူတယ်။ ဒီကနေ့ တိုက်ပွဲကတော့ မရှိဘူး၊ အဲဒါကို ရုတ်တရတ်လာပစ်သွားတာလေ။ လူတွေထိတာတော့ မကြားမိဘူး။ ကားလမ်းတွေတော့ အဲဖက်မှာ သွားမရဘူးလို့ပြောတယ် ” လို့ လားရှိုးမြို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
 
လားရှိုးမြို့ ၊ အီနိုင်းနတ်စင်အနီး (ဒေသအခေါ် ဆယ်မိုင်ကုန်း) ကို ဒီကနေ့မနက် ၁ဝ နာရီခန့်မှာ လားရှိုးမြို့က လာတဲ့ ရဟတ်ယာဉ်နဲ့ ဗုံး ၁၅ လုံးထက်မနည်း ကြဲသွားတာကြောင့် နေအိမ်တချို့ ထိခိုက်ပျက်ဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
လားရှိုး-သီပေါ သွားကားလမ်းပိုင်းတနေရာမှာ မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ TNLA တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် တအာင်းတပ်ဖွဲ့ဝင်တွေ ရှိမယ်လို့ ထင်တဲ့နေရာကို အခုလိုဗုံးကြဲတိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ မနေ့ နေ့ခင်းပိုင်းလောက် တိုက်ပွဲတွေ ဖြစ်ကြသေးတယ်။ စစ်ကောင်စီရဲ့ ယာဉ်တန်းကို TNLA က ပစ်ခတ်တိုက်ခိုက်လိုက်တာပေါ့။ အဲဒီမှာက ကားတစီးလည်း ထိသွားတယ်။ စစ်တပ်ဖက်က လူတွေတ ချို့လည်း ထိသွားတယ်ကြားတယ်။ အခု လေယာဉ်နဲ့ လာပစ်တာလည်း အဲဒါကြောင့်ထင်တယ် သူတို့ရှိမယ်ထင်ပြီး ပစ်တာပေါ့ ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။
 
တပ်စခန်းအနီးကို အခု စစ်ကောင်စီက လေယာဉ်နဲ့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တအာင်းအမျိုးသားတပ်မတော် TNLA ဖက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်မရခဲ့ပါဘူး။
 
အလားတူပဲ ဇူလိုင်လ ၂၅ ရက်မှာလည်း မူဆယ်မြို့အနီးက နမ့်ဆွမ်ကျေးရွာအုပ်စု ဆိုင်ခေါင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံနှစ်ဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ တအာင်းတပ်မတော်က ပြောဆိုထားပါတယ်။
 
မူဆယ်မြို့နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်အကွာ ပြည်ထောင်စုလမ်းမကြီး အနီးမှာရှိတဲ့ အဲဒီရွာကို စစ်ကောင်စီက လက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ တအာင်းတပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
 
မြန်မာစစ်တပ်နဲ့ TNLA တပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှ စတင်ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအထိ ၁၁ နှစ်တာ ကာလအတွင်း တိုက်ပွဲကြီး၊ ငယ်ပေါင်း ၁၄၇၄ ပွဲလောက်ဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်က ထုတ်ပြန်ထားပါတယ်။
 
ဇူလိုင်လ ၂၆ ရက်၊ မနက် ၁၀ နာရီအချိန်လောက်မှာ တအာင်းပြည်နယ် တပ်မဟာ (၄) စစ်ဒေသ၊ လားရှိုးမြို့နယ် ခေနင်း နဲ့ နာယာမ အကြား ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွါးခဲ့တာလို့ TNLA ကထုတ်ပြန်ထားပါတယ်။
 
လားရှိုးမြို့မှ သီပေါမြို့သို့ တပ်သားအပြည့်တင်ဆောင်ပြီး ထွက်ခွါလာတဲ့ စစ်ကောင်စီရဲ့ မော်တော်ကားရှစ်စီးပါ ယာဉ်တန်းနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ TNLA တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွါးရတာလို့ ဆိုပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်က သုံးဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ မော်တော်ယာဉ်တစီးလည်း TNLA က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ