လမိုင်းမြို့၊ ရော်ဘာခြံမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရွှေ့ပြောင်းလုပ်သားတဦးအလောင်းတွေ့

ဇူလိုင်၊ ၂၇
 
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသာယာရပ်ကွက် အနီးမှာရှိတဲ့ ရော်ဘာခြံတခြံမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမည်မသိ ရွှေ့ပြောင်းအလုပ်သမား တဦး အလောင်းကို တွေ့ရတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
 
“ ခေါင်းနောက်စေ့မှာ ရိုက်ခံထားရတာ၊ သူ့ကိုတွေ့တဲ့ အချိန်က သေခါနီးပါပဲ၊ သေမျောမျောပဲ၊ ကျောတွေမှာရော၊ ဒီဒေသက လူတွေ မဟုတ်ဘူး။ ဘယ်သူရိုက်ထားလဲ မသိဘူးပေါ့နော် ” လို့ လမိုင်းဒေသခံတဦးက DNA ကို ပြောပါတယ်။
 
လမိုင်းမြို့၊ ရွာသာယာရပ်ကွက်အနီးမှာရှိတဲ့ ရောဘာခြံတခြံမှာ အမျိုးသားတဦး ဒဏ်ရာတွေနဲ့ လဲကျနေတာကို ဇူလိုင်လ ၂၆ ရက်မနေ့က မနက်ပိုင်းမှာ လမ်းသွားလမ်းလာ ခြံလုပ်သားတချို့က တွေ့ရှိခဲ့တာဖြစ်ပါတယ်လို့ သိရပါတယ်။
 
အဲဒီနောက် လဲကျနေတဲ့ အမျိုးသားကို စစ်ဆေးကြည့်ရာမှာ ဦးခေါင်း နောက်စေ့ကွဲဒဏ်ရာ၊ ကျောပြင်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေမျောမျောဖြစ်နေတာကို တွေ့ရှိခဲ့တဲ့အတွက် နယ်မြေခံလူမှုကူညီရေးအသင်းတွေနဲ့ လမိုင်းဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
 
“ မရတော့ဘူး၊ သွားသယ်ကတည်းကလေ၊ နည်းနည်းလှုပ်တာလောက်ပဲ ရှိတော့တာ၊ လမ်းမှာတင် ဆုံးသွားတာ ” လို့ နယ်မြေခံလူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
 
သေဆုံးသွားသူဟာ အသက်သုံးဆယ်အရွယ်ရှိပြီး လွန်ခဲ့တဲ့နှစ်ရက်က အညာဒေသဘက်ကနေ လမိုင်းမြို့ကို ရောက်ရှိလာကာ ဆွေးမျိုးဖြစ်သူတွေနဲ့အတူ ရာဘာခြံတခြံမှာ မီးသွေးဖုတ်တဲ့ အလုပ်ကို ကိုင်နေတာဖြစ်ပါတယ်။
 
“ လင်မယားနှစ်ယောက်အတူပဲ အဲခြံမှာ မီးသွေးဖုတ်တာ၊ အခုရိုက်နှက်ခံရပြီးတော့ အဲ့ခြံမှာ သူ့ကို ခေါ်လာတဲ့ လင်မယားလည်း မတွေ့တော့ဘူး၊ သူတို့အချင်းချင်းပဲ ပြဿနာဖြစ်လို့လားတော့ မသိဘူးပေါ့။ ခြံပိုင်ရှင်ကလည်း အခုသေသွားတဲ့သူကို မသိနေဘူး ” လို့ ဒေသခံက ဆက်ပြောပါတယ်။
 
သေဆုံးသွားတဲ့ ရုပ်အလောင်းကိုတော့ နယ်မြေခံ လူမှုကူညီရေးအသင်းအဖွဲ့တွေက ယင်းနေ့မှာပဲ မီးသဂြိုလ်ပေးခဲ့ပြီး တရားခံဖမ်းဆီးရမိနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့တွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။
 
ရေးမြို့နယ်အတွင်းမှာဆိုရင် ရော်ဘာခြံတွေ၊ ကွမ်းသီးခြံတွေနဲ့ ဥယာဉ်ခြံတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ပိုင်ရှင်အများစုက ဈေးသက်သာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ခေါ်ယူအလုပ်ခန့်လေ့ရှိပြီး အဲဒီရွေ့ပြောင်းလုပ်သားတွေထဲက တချို့ဆိုရင် အချင်းချင်း စကားများရန်ဖြစ်ရာကနေ ရိုက်နှက်လူသတ်မှုအထိ မကြာခဏဖြစ်ပွားလေ့ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဓာတ်ပုံ – Social Media