ဇူလိုင် ၊ ၂၇
ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခံထားရတဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဝေလင်းအောင်ကို မြောင်းမြခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ ထပ်မံချမှတ်ထားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“ချထားတယ်သိရတာတော့ ဒီနေ့မှ သိရတယ်၊ ပုဒ်မတွေက စီဒီအမ် ထောက်ပံ့ဆိုပြီး ၅၀(ည)နဲ့ ပုဒ်မတပ်တယ်၊ စဖမ်းကတည်းကလည်း အဓိပ္ပါယ်မရှိတဲ့ကိစ္စ မတရားတဲ့ကိစ္စဆိုတော့ ထူးထူးခြားခြားပြောစရာမရှိပါဘူး။ အကြမ်းဖက်ပုဒ်မတွေတပ်တာကိုလည်း တကယ်တော့ အကြမ်းဖက်တာ သူကိုယ်တိုင်လုပ်တာလည်း ဘာမှမရှိခဲ့ဘဲ မတရားစွပ်စွဲခဲ့တာပဲ” လို့ ကိုဝေလင်းအောင်ရဲ့ မိသားစုနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ဦးဝေလင်းအောင်ကို ဧပြီလ ၇ ရက်မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် နှစ်နှစ်၊ အခုဇူလိုင်လ ၁၂ ရက်မှာ အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ် ဆယ်နှစ် ထပ်ချခဲ့တာဖြစ်ပြီး အဲလိုထပ်ချခံရတာကိုတော့ မိသားစုဝင်တွေက အခုမှ သိကြရတာပါ။
အခုလို ထောင်ဒဏ် ၁၂ ထပ်ချခံရတာကြောင့် ဦးဝေလင်းအောင် ကျခံရမယ့်ထောင်ဒဏ်ဟာ ၃၈ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
ဦးဝေလင်းအောင်ဟာ ဧရာဝတီတိုင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် က ဒေါက်တာပြည့်ဖြိုး အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ နှစ်ဆယ်ခန့်နဲ့အတူ ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာခံခဲ့ရတာပါ။
အဖမ်းခံရပြီး တနှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်မှာတော့ ကရင်ပြည်နယ်၊ မြဝတီခရိုင်တရားရုံးကနေ ဦးဝေလင်းအောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့ကို အကြမ်းဖက်ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၂(က)၊ ၅၀(က)၊ ၅၀(ည)၊ နိုင်ငံတော်ပုန်ကုန်မှုပုဒ်မ ၁၂၂ တို့အတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့တာပါ။
အဲဒီနောက်မှာတော့ ဦးဝေလင်းအောင်ကို ဧရာဝတီတိုငိ်း၊ မြောင်းမြအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ရောက်ခါစကတော့ ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်ရသေးတယ်လို့လည်း မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။
“မြောင်းမြထောင်ကိုရောက်တော့ကျန်းမာရေးမကောင်းဘူး ။ဆေးရုံတက်ရတယ် ကြားလိုက်တယ်။မိသားစုက တကြိမ်ပဲတွေ့လိုက်ရတယ်” လို့ အထက်ပါ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ဦးဝေလင်းအောင်နဲ့ ဒေါက်တာပြည့်ဖြိုးတို့ နှစ်ဦးဟာ အဖမ်းခံရပြီး ပထမ သုံးလအတွင်း စစ်ကြောရေးမှာ နှိပ်စက်ခံရတာကြောင့် ကျန်းမာရေးချို့တဲ့ခဲ့ပြီး လက်ရှိမှာတော့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာနေပြီလို့လည်း သိရပါတယ်။
အလားတူပဲ ဒေါက်တာပြည့်ဖြိုးကိုလည်း စစ်ကောင်စီလက်အောက်ခံတရားရုံးက ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပမေယ့် အဲဒီအခြေအနေကိုတော့ Delta News Agency အနေနဲ့ အသေးစိတ်မသိရသေးပါဘူး။
ဒီချုပ်ပါတီကတော့ စစ်အာဏာသိမ်းပြီးချိန်ကနေ အခု ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်အထိ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ လွှတ်တော်အမတ် ၇၇ ဦးအထိ ရှိနေပြီး အခြားလွှတ်တော်အမတ်နှစ်ဦးကတော့ ဖမ်းဆီးထားစဉ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဇွန်လအတွင်းက ထုတ်ပြန်ထားပါတယ်။