အရာတော်မှာ စစ်ကောင်စီတပ်ကင်းပုန်းနဲ့တွေ့ပြီး ပကဖအဖွဲ့ဝင် လေးဦး ကျဆုံး

ဇူလိုင် ၊ ၂၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ကျေးရွာတရွာမှာ  ပြည်သူကာကွယ်ရေး အဖွဲ့ဝင်တွေရဲ့ ရပ်ကျေးရုံးအဟောင်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ပြီးဇူလိုင်လ ၂၆ ရက် မနက်မှာ အဖွဲ့ဝင် လေးဦး ကျဆုံးသွားတယ်လို့ အရာတော်ပြည်သူကာကွယ်ရေး (ပကဖ)တပ်ဖွဲ့မှကိုဝဏ္ဏကပြောပါတယ်။

“ အရင်တုန်းက စခန်းချခဲ့တဲ့နေရာပေါ့။ အဲဒီစခန်းကို လည်းစွန့်ခွာပြီးပြီပေါ့။ အဲနားကို စခတွေလာမယ် လို့ သတင်းကြားလို့ စခန်းမှာသူတို့က မိုင်းထောင်ထားခဲ့တာပါ။ အဲမိုင်းကိုပြည်သူထိမှာစိုးပြီး ပြန်သွားဖြုတ်တဲ့အချိန် ကင်းပုန်းနဲ့တွေ့သွားတာပါ။ ဟိုကောင်တွေက အရင်ရောက်နေပြီး ကင်းပုန်းဝပ်နေတာ သူတို့ကလက်ဦးမှုရသွားတော့ ခံလိုက်ရတာပေါ့ ” လို့ သူကဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ ကျေးရွာနာမည်ကိုတော့ ထုတ်ဖော်မပြောကြားပေမယ့်  တပ်ဖွဲ့ဝင်ငါးဦးထဲက  အသက် ၂၂ နှစ်အရွယ်နှစ်ဦး၊ ၂၃ နှစ်အရွယ်တဦးနဲ့ သုံးဆယ်အရွယ်တဦးစုစုပေါင်းရဲဘော်လေးဦး ကျဆုံးခဲ့ပီး စစ်ကောင်စီတပ်က စခန်းဟောင်းနေရာကိုမီးရှို့ခဲ့တယ်လို့ပြောပါတယ်။

ဒါအပြင် ရဲဘော်တွေကိုင်ဆောင်ထားတဲ့ လက်လုပ်သေနတ် နှစ်လက်အပါအဝင် ရပ်ကျေး ပကဖ အဖွဲ့က ပိုင်ဆိုင်တဲ့ မောင်းပြန်သေနတ် နှစ်လက်နဲ့ ဆိုင်ကယ် တစီး ၊ ကားတစီးကိုလည်း ဆုံးရှုံးလိုက်ရတယ်လို့ သူကဆိုပါတယ်။

“ ကားတစီးနဲ့ ဆိုင်ကယ်တွေနဲ့ သွားကြတာပေါ့။ စုစုပေါင်း ငါး ဦးသွားကြတာပါ။ တဦးကတော့ ပြန်လွတ်လာတယ် ။လေးဦးကျသွားတယ်။ သူတို့လည်းရောက်ရော ဟိုကောင်တွေက ကင်းပုန်းက တခါတည်းပစ်တယ်လို့ ပြောတယ် ။အလစ်ခံလိုက်ရတဲ့သဘောပေါ့ဗျ။ ဒီကောင်တွေ ဒီလိုပဲ တဖက်ကို အသံပေးပြီးတော့ တဖက်ကိုဝင်တာပေါ့။ လို့ ကိုဝဏ္ဏက ပြောပါတယ်။

ဒီလ ၂၁ ရက်တုန်းကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်ကောင်စီတပ်က အလစ်အငိုက်ဝင်ရောက်ခဲ့ပြီး ရပ်ကျေးပကဖ နေရာတွေကို တပြိုင်တည်စီးနင်းခဲ့တာကြောင့် ဒေသကာကွယ်ရေး အဖွဲ့တွေ အပါအဝင် ၁၄ ဦးကို သတ်ဖြတ်ခံခဲ့ရပါသေးတယ်။

‘’ကိုယ့်လူတွေကလည်း သေမှာမကြောက်ကြတော့ ပေါ့ဆကြတယ်။ စစ်ရေးအတွေ့အကြုံသိပ်မရှိကြသေးတော့ ခံရတာပေါ့ ”လို့ ကိုဝဏ္ဏကပြောပါတယ်။