နိုင်ငံခြားရေး ဝန်ကြီးကို ရာထူးက ထုတ်ပယ်ခဲ့တဲ့ အကြောင်းရင်းကို မှတ်ချက်ပေးဖို့ တရုတ် ငြင်းဆို

ဇူလိုင် ၊ ၂၇

နိုင်ငံခြားရေး ဝန်ကြီး(ဟောင်း) ချင်ဂန်ကို ရာထူးက ထုတ်ပယ်လိုက်တဲ့ အကြောင်းရင်းကို ထုတ်ဖော် မှတ်ချက်ပေးဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုသွားခဲ့ပါတယ်။

 ချင်ဟာ တလတိတိကြာအောင် လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့တဲ့နောက် ဇူလိုင် ၂၆ ရက်မှာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ်ကနေ ထုတ်ပယ် ခံလိုက်ရပါတယ်။ ချင်ရဲ့ နေရာမှာတော့ အရင် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဝမ်ယိကို တရုတ် အစိုးရက ပြန်လည် တာဝန်ပေး ခန့်အပ်လိုက်ပါတယ်။

 ရာထူးသက်တမ်း ၇ လလောက် အကြာမှာ ရုတ်တရက် ထုတ်ပယ်ခံလိုက်ရတဲ့နောက် ချင်ဟာ ဘယ်လို အမှားအယွင်းမျိုး ကြုံခဲ့သလဲ ဆိုတာကို ထင်ကြေးတွေ၊ ဝေဖန်မှုတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ သူဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ အယုံကြည်ဆုံး လက်ရုံးတဦး ဖြစ်ခဲ့ပေမယ့် ရုပ်မြင်သံကြား အစီအစဉ် တင်ဆက်သူ အမျိုးသမီး တဦးနဲ့ လူမှုရေး ဖောက်ပြန်မှုနဲ့ ဆက်စပ်ပြီး ရှီရဲ့ အမျက်ရှခြင်းကို ခံခဲ့ရကြောင်း အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်းကတော့ ချင်ကို ရာထူးက ထုတ်ပယ်တာနဲ့ ပတ်သက်လို့ ဌာနအနေနဲ့ နောက်ဆက်တွဲ ဘာမှတ်ချက်မှ ပေးစရာ မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

အစိုးရ သတင်းဌာန တခုဖြစ်တဲ့ ရှင်ဟွာက နိုင်ငံခြားရေး ဝန်ကြီး အပြောင်းအလဲနဲ့ ပတ်သက်လို့ ဖော်ပြပြီးဖြစ်ကြောင်း၊ တခြားသတင်းဌာနတွေ အနေနဲ့ ရှင်ဟွာကို ကိုးကားနိုင်ကြောင်း မော်က ဆိုပါတယ်။

 ချင်ကို ထုတ်ပယ်ပြီး ဝမ်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်တာဟာ တရုတ် အစိုးရ ထိပ်တန်း အာဏာပိုင်တွေဆီက အရမ်း ထင်ရှားပြတ်သားတဲ့ ဆုံးဖြတ်ချက် တခုလို့လည်း မော်က ဆက်ပြောပါတယ်။

 အသက် ၅၇ နှစ်အရွယ် ချင်ဟာ ရာထူးသက်တမ်း ၂၀၇ ရက် အကြာမှာ နိုင်ငံခြားရေး ဝန်ကြီးနေရာကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ရာထူးက ထုတ်ပယ်ခံရပြီး​ နောက်ဆက်တွဲ အရေးယူမှုတွေ၊ တခြား ဆိုးကျိုးတွေ ကြုံလာမလား ဆိုတာကလည်း ပဟေဠိ ဆန်နေဆဲလို့ သိရပါတယ်။