နယ်စပ်အခြေစိုက် ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို ရှင်းလင်းဖို့ စစ်ကောင်စီကို တရုတ် ဖိအားပေး

ဇူလိုင် ၊ ၂၇

မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းရာ နယ်စပ်ဒေသတွေမှာ အခြေစိုက်တဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေကို အမြစ်ဖြတ် ရှင်းလင်းပေးဖို့ စစ်ကောင်စီကို တရုတ်က ဖိအားပေး တောင်းဆိုထားပါတယ်။

 မြန်မာနိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်း နယ်စပ်တွေမှာ အခြေစိုက်ပြီး ဒုစရိုက် ဂိုဏ်းတွေက ထူထောင်ထားတဲ့ ငွေကြေး လိမ်လည်မှု လုပ်ငန်းတွေ ပပျောက်သွားဖို့ မြန်မာ စစ်ခေါင်းဆောင်တွေကို တောင်းဆိုထားကြောင်း ရန်ကုန်မြို့ အခြေစိုက် တရုတ် သံရုံးက အတည်ပြုပါတယ်။

 အဲဒီဂိုဏ်းတွေဟာ အွန်လိုင်းကနေတဆင့် တရုတ်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားပြီး လိမ်လည်လေ့ ရှိတယ်လို့ ဆိုပါတယ်။ ဒုစရိုက်သမားတွေဟာ သူတို့ရဲ့ ပစ်မှတ်ဖြစ်လာမယ့် သူတွေကို စိတ်ရှည်လက်ရှည် ချဉ်းကပ်ပြီး ကနဦး အဆင့်မှာ မက်လုံးတွေ၊ အမြတ်အစွန်းတွေ ပေးအပ်လေ့ ရှိပါတယ်။ အဲဒီနောက်မှာမှ အယုံလွယ်လာတဲ့ သားကောင်ကို အတုအယောင် ဖန်တီးထားတဲ့ ထောင်ချောက်ဆန်ဆန် ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတွေဆီ ငွေကြေး လွှဲပြောင်းအောင် ဆွဲဆောင် သိမ်းသွင်းလေ့ ရှိတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

 ဒီလို လိမ်လည်သိမ်းသွင်းမှုတွေနဲ့ ပတ်သက်လို့ အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ အဓိက မဟာမိတ်နဲ့ စစ်လက်နက် ထောက်ပံ့ရာ စူပါပါဝါ နိုင်ငံဖြစ်တဲ့ တရုတ်က အတော်ကြီး ပူပန်နေပါတယ်။

 တရုတ် သံရုံးရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးဟာ မြန်မာ (စစ်ကောင်စီ) နိုင်ငံခြားရေး ဝန်ကြီးနဲ့ အထူးညှိနှိုင်းမှု တခုကို လုပ်ဆောင်ခဲ့ပြီး အွန်လိုင်းအခြေပြု လိမ်လည်မှုတွေ၊ တရားမဝင် လောင်းကစား လုပ်ငန်းတွေ အပြီးတိုင် ပပျောက်ရေးကိစ္စ အလေးထား ဆောင်ရွက်ဖို့ တောင်းဆိုခဲ့ကြောင်း သံရုံးက ပြောပါတယ်။

 တရုတ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ဖြန့်ကျက်ထားတဲ့ တရားမဝင် လောင်းကစား လုပ်ငန်းတွေနဲ့ ကာစီနို လုပ်ငန်းတွေကို တိုက်ဖျက်ဖို့လည်း သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ ဖိအားပေးနေပါတယ်။ ပြီးခဲ့တဲ့လမှာ ထိုင်းအစိုးရဟာ နယ်စပ်မှာရှိတဲ့ မြန်မာပိုင် မြဝတီမြို့နားက လောင်းကစား ဇုန်နယ်မြေကြီး ဖြစ်လာတဲ့ ရေကုက္ကို မြို့သစ် စီမံကိန်းဆီ အင်တာနက်နဲ့ လျှပ်စစ်မီး ထောက်ပံ့မှုတွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

 ရွှေကုက္ကိုမှာ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေပါ အခြေစိုက်ထားတာကြောင့် တရုတ် အစိုးရက အကြီးအကျယ် မျက်စိ စပါးမွေး စူးနေတဲ့ ဒုစရိုက် နယ်မြေ တခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

 ဒါ့အပြင် ရွှေကုက္ကိုဟာ အရှေ့တောင်အာရှရဲ့ လူမှောင်ခို ရပ်ဝန်းအသစ်ကြီး တခုအဖြစ်လည်း နာမည်ဆိုး ထွက်နေပါတယ်။ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအို နိုင်ငံသားတွေဟာ အလုပ်အကိုင် အခွင့်အရေးနဲ့ တခြား မမှန်မကန် မက်လုံးတွေနဲ့ ကမ်းလှမ်းခံရလို့ ရွှေကုက္ကိုကို သွားရောက်ခဲ့ကြပြီး လောင်းကစားနဲ့ လိမ်လည်မှု လုပ်ငန်းတွေမှာ ပိတ်မိရင်း အဓမ္မ ခိုင်းစေ ခံနေရကြောင် သိရပါတယ်။