ဆားလင်းကြီးက Non-CDMဝန်ထမ်းတွေ အခုလကုန်နောက်ဆုံးထား CDM ဝင်ဖို့ ပအဖ သတိပေး

ဇူလိုင်၊ ၂၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ Non – CDM ဝန်ထမ်းတွေအနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက် နောက် ဆုံးထားပြီး CDM ဝင်ကြဖို့နဲ့ မလိုက်နာရင် အရေးယူဆောင်ရွက်တော့မယ်လို့ အဲ့ဒီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတိပေးထုတ်ပြန်ပါတယ်။

 “သူတို့ကို ကျွန်တော်တို့အစိုးရကနေလည်း ခဏခဏ သတိပေးပြီးပြီဖြစ်သလို သက်ညှာမှုတွေလည်း ပေးထားခဲ့ပြီး သွားပြီ၊Non CDM တွေ အလင်းဝင်ကြဖို့ မကြခဏပြောထားပြီးသား၊အလင်းဝင်ပါလို့ ပြောတာကသူတို့က သူပုန်မို့ လို့ပဲ၊အခုချိန်မှာ အဖွဲ့စည်းတခုခုကနေပြီးတော့ ဖမ်းတာဖြစ်လာခဲ့ရင် ကျွန်တော်တို့အနေနဲ့ တာဝန်ယူမှာ မဟုတ် ဘူး”လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

 အဲ့ဒီမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းတွေအနေနဲ့ ဇူလိုင်လ ၃၁ ရက် နောက်ဆုံး ထားကာ နီးစပ်ရာ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ပြည်သူ့လုံခြုံရေးအဖွဲ့၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီ ဆက်သွယ်အလင်းဝင်ရောက်ကြဖို့ နဲ့လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 Non-CDM ဝန်ထမ်းတွေနဲ့ပတ်သက်လို့ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကနေ နှစ်ကုန်အထိ သုံးကြိမ်တိုင် အသိပေးထုတ်ပြန်မှုတွေလုပ်ခဲ့ပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 လက်ရှိဆားလင်းကြီးမြို့နယ်ထဲမှာ CDM ပြုလုပ်ထားတဲ့ ဝန်ထမ်းဦးရေ နှစ်ထောင်ကျော်ရှိပြီး Non CDM ဝန်ထမ်း ဦးရေကတော့ တရာဝန်းကျင်ရှိနေသေးတယ်လို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

လတ်တလောမှာ ဆားလင်းကြီးမြို့နယ်ထဲက Non CDM ဝန်ထမ်း ၂၄ ဦးကိုလည်း မြို့နယ်ပအဖက ဖမ်းဆီး အရေးယူထားပြီး ဖမ်းဆီးခံထားရသူတွေဟာ စက်မှုဝန်ကြီးဌာနကအများဆုံး ပါဝင်တယ်လို့သိရပါတယ်။

 အဲဒီလို ဖမ်းဆီးထားတဲ့ Non CDM ဝန်ထမ်းတွေကို လက်ရှိမှာ အချုပ်နဲ့ထားရှိထားပြီး တရားရုံးတင် အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

 စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမှာမှာ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းဦးရေ စုစုပေါင်း နှစ်သိန်း တသောင်းကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့တဲ့ မေလ ၃ ရက်မှာထုတ်ပြန်ထားပါတယ်။