ဇူလိုင်၊ ၂၆
အလုပ်ထုတ်ခံရတဲ့အလုပ်သမားက Pepsi အချိုရည်စက်ရုံ တာဝန်ရှိသူနှစ်ဦးကိုတရားစွဲဆို ထားတဲ့အမှုနဲ့ ပတ် သက်လို့ တိုင်းတရားရုံးမှာ နှစ်ဖက်ညှိနှိုင်းဖို့ ခရိုင်တရားသူကြီးက ညွှန်ကြားလိုက်တယ်လို့ အလုပ်သမားဘက် ကနေကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)တာဝန်ရှိသူတဦးက DNAကိုပြောပါ တယ်။
အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ဒုတိယမြောက်ရုံးချိန်အဖြစ် မှော်ဘီခရိုင်တရားရုံးမှာ တိုင်ကြားသူနဲ့ တိုင်ကြားခံရသူတွေ နှစ်ဖက်လုံး ကိုကြားနာစစ်ဆေးခဲ့ပြီး တရားသူကြီးက အထက်ပါအတိုင်းညွှန်ကြားလိုက်တာလို့သိရပါတယ်။
“အစကတော့ အလုပ်ရှင်ဘက်က ညှိနှိုင်းမှုမလုပ်ဘဲ အမှုဆက်စစ်ဖို့ တရားသူကြီးကို တောင်းဆိုတယ်၊ ဒါပေမယ့် တရားသူ ကြီးက တရားမ စေ့စပ်ညှိနှိုင်းရေး လုပ်ထုံးလုပ်နည်းအတိုင်းသွားဖို့လိုတယ်ဆိုပြီး အခုလို ညှိခိုင်းလိုက် တယ်”လို့ STUM တာဝန်ရှိသူတဦးကပြောပါတယ်။
အလုပ်ထုတ်ခံရသူက မတရားအလုပ်ထုတ်ခံရတာလို့ ယူဆတာကြောင့် စက်ရုံဆီက နစ်နာကြေးရလိုကြောင်း လျှောက်ထား တဲ့ တရားမမှုဖြစ်တာကြောင့် တရားမမှုဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး လုပ်ထုံးအရ တရားသူကြီးက အခုလိုညွှန်ကြားခဲ့တာဖြစ် တယ်လို့ဆိုပါတယ်။
“တိုင်းတရားရုံးမှာက လျော်ကြေးကိစ္စ ညှိရတာ၊ဥပမာ အလုပ်သမားဘက်က သိန်းသုံးရာတောင်းပေမယ့် အလုပ် ရှင်ဘက်က သိန်းတရာပေးလို့ အလုပ်သမားကလက်ခံရင် အမှုကပြီးသွားတာပေါ့၊ အဲမှာညှိလို့အဆင်မပြေရင်တော့ တရားစွဲထားတဲ့တရားရုံးမှာ အမှုဆက်စစ်မယ်၊ တရားမအမှုတွေက ကြာတော့ အဲလိုနည်းနဲ့သွားတာ” လို့ အထက် ပါ STUM တာဝန်ရှိသူက ရှင်းပြပါတယ်။
အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူစာချုပ် (EC) စာချုပ် ချိုးဖောက်ပြီး အလုပ်ထုတ်လို့ဆိုကာ Pepsi အချိုရည် စက်ရုံ CEO နဲ့ HR မန်နေဂျာတို့ကို အလုပ်ထုတ်ခံရတဲ့ လျှပ်စစ်မန်နေဂျာ ဦးသောင်းဟန်က တရားမ နစ်နာကြေး သိန်းတရာကျော် ရလိုမှုနဲ့ မှော်ဘီခရိုင်တရားရုံးမှာ ဇွန်လ ၁၆ ရက်က တရားစွဲဆိုခဲ့တာပါ။
Pepsi အချိုရည်စက်ရုံက လုပ်သက် နှစ်နှစ်ဆယ်ကျော်ရှိ ဦးသောင်းဟန်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊အောက်တို ဘာလ မှာ အလုပ်ထုတ်ပယ်ခဲ့ပြီး ဥပဒေအရ ခံစားခွင့်ရှိတဲ့ နစ်နာကြေးကိုလည်း မပေးခဲ့ဘူးလို့ အလုပ်သမားဘက်က ဆို ထားပါတယ်။
အဲ့ဒီအမှုအတွက် ပထမဆုံးအကြိမ်ရုံးချိန်မှာ အလုပ်ရှင်ဘက်က CEOမလာဘဲ HR မန်နေဂျာတဦးတည်းသာ ရောက်လာခဲ့တာကြောင့် ကြားနာမှုမလုပ်နိုင်ခဲ့ဘဲ ဒီကနေ့ရုံးချိန်မှာတော့ နှစ်ဖက်စတင်ကြားနာခဲ့တာလို့ သိရပါ တယ်။
“အလုပ်ရှင်ဘက်ကတော့ CEO မလာဘူး၊ HR တယောက်ပဲလာတယ်။ ဒါပေမယ့် သူက CEO ရဲ့ တရားဝင်လွှဲ စာနဲ့လာတာဆိုတော့ နှစ်ယောက်စလုံးစာ သူ(HR) တယောက်တည်းပဲ ထုချေတယ်” လို့ အလုပ်သမားဘက် ကနေကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)တာဝန်ရှိသူတဦးက ပြောပါတယ်။ အလုပ်ထုတ်ခံခဲ့ရတဲ့ဦးသောင်းဟန်ဟာ လက်ရှိ Pepsi စက်ရုံကိုပိုင်ဆိုင်တဲ့ ကုမ္ပဏီနဲ့ လက်တွဲခဲ့တာ လုပ်သက် ရှစ်နှစ်ကျော်သာ ရှိသေးပေမယ့် အရင်ပိုင်ရှင်အဟောင်းတွေလက်ထက်ကတည်းက အဲ့ဒီစက်ရုံမှာ လုပ်ကိုင် လာခဲ့တာကြောင့် စုစုပေါင်း လုပ်သက် ၂၂ နှစ်လောက်ရှိပြီလို့ သိရပါတယ်။
စက်ရုံဘက်က ဦးသောင်းဟန်ဟာ စက်ရုံတွင်းစည်းကမ်းဖောက်ဖျက်တာကြောင့် အလုပ်ထုတ်ခဲ့တာလို့ ဆို ထား ပေမယ့် ဦးသောင်းဟန်ကတော့ သူ့အနေနဲ့ မတရား အလုပ်ထုတ်ခံရတာလို့ တုံ့ပြန်ခဲ့ပြီးနစ်နာကြေးအဖြစ် ခြောက် လစာ လုပ်ခလစာနဲ့ အလုပ်ထုတ်ရင် တလကြိုအကြောင်းကြားရတဲ့ နို့တစ်စာ(အလုပ်ထုတ်မယ့် အကြောင်း အသိ ပေးစာ) စုစုပေါင်း ကျပ်သိန်းငါးဆယ်ကျော် စက်ရုံဘက်ကပေးဖို့တောင်းဆိုခဲ့ပါတယ်။
အဲ့ဒီနောက် နှစ်ဖက်ညှိနှိုင်းမှုတွေရှိခဲ့ပေမယ့်လည်း ပြေလည်မှုမရတာကြောင့် အလုပ်ထုတ်တဲ့အချိန်ကနေ တရား စွဲတဲ့အချိန်ထိကာလ နစ်နာကြေး သိန်းငါးဆယ်၊ လုပ်သက် ရှစ်နှစ်အတွက် နစ်နာကြေး သိန်းငါးဆယ်နဲ့ လေး သောင်း စုစုပေါင်း သိန်းတရာနဲ့ လေးသောင်း ရလိုမှုနဲ့ တရားစွဲခဲ့တာပါ။
Pepsi အချိုရည်စက်ရုံကို အရင်က Myanmar Golden Beverage (MGS)ကုမ္ပဏီက ရင်းနှီးမြုပ်နှံခဲ့ပြီး ၂၀၁၄ ခုနှစ်ကနေ အခုထိတော့ တောင်ကိုရီးယားနိုင်ငံ စားသောက်ကုန်လုပ်ငန်းစုဖြစ်တဲ့ Lotte Chilsung Beverage ကုမ္ပဏီနဲ့ အရင်ကုမ္ပဏီတို့ ဖက်စပ် လုပ်ငန်းအဖြစ်ဆက်လက်လည်ပတ်နေတာဖြစ်ပါတယ်။