ဇူလိုင်၊ ၂၆
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာထိပ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦး အပါအဝင် ငါး ဦးထက်မနည်းသေဆုံးပြီးခုနှစ်ဦးထက်မနည်းဒဏ်ရာရကာ လက်နက်တချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေထံမှ သိရပါတယ်။
“ ရှိမယ်၊ သူတို့ဘက်က ငါးဦးထက်မနည်းကလေ၊ တိုက်ပွဲက အနီးကပ်ဖြစ်သွားတာ၊ ဗိုလ်ကြီးအဆင့်ရှိသူတဦးလည်း သေတယ်၊ ဒီကောင်တွေ အထိနာလို့ ပြေးတာ၊ ပြန်ဆုတ်တာလေ၊ သေနတ်တွေလည်း ကျန်ခဲ့တာ၊ ငါးလက်လောက် သိမ်းရခဲ့တယ်။” လို့ ကျောက်တံခါးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFနဲ့ နီးစပ်သူတဦးက DNA ကို ပြောပါတယ်။
ကားကြီးတစီး၊ ဘေးတွဲနှစ်စီး နဲ့ အင်အား လေးဆယ် ကျော်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင်လ ၂၅ ရက်၊ ည ၉ နာရီခန့်မှာ ကျောက်တံခါးမြို့နယ် နံဇရွာထိပ်အရောက်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှေ့ထွက်မိုင်းဆွဲခဲ့ပြီးနောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
“ တိုက်ပွဲကလေ တနာရီလောက်ဖြစ်သွားတာဗျ၊ သူတို့က ရွာထိပ်နားမှာ စခန်းချနေတုန်း တိုးသွားတာပါ။ ရှေ့ထွက်မိုင်းဆွဲပြီး သူပစ်ကိုယ်ပစ်ပဲ၊ အဲဒါဒီကောင်တွေ အထိနာလာလို့ဖြစ်မယ်၊ ပြန်ဆုတ်ပြီးတော့ ရွာထဲမှာပဲ တပ်စွဲထားတာ။ လက်နက်ကြီးကတော့ ပစ်နေတာတော့ တောက်လျှောက်ပဲပေါ့နော်၊ ညကဆို” လို့ အဲဒီ PDF နဲ့ နီးစပ်သူက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးပါအဝင် ငါးဦးထက်မနည်းသေဆုံးကာ ခုနှစ်ဦးထက်မနည်းထိခိုက် ထိဒဏ်ရာရရှိခဲ့ပြီး သေနတ်ငါးလက်နဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
“ ဒဏ်ရာရတဲ့သူတွေကို မနက်က လူနာတင်ယာဉ်ကားတွေနဲ့ လာသယ်သွားတာတာရှိတယ်၊ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှုမရှိပါဘူး။” လို့ ကျောက်တံခါးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပြောဆိုပါတယ်။
တိုက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ်အသေးစိတ်ကို သိရှိနိုင်ဖို့ DNA က ကျောက်တံခါးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်လက်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်းခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တဲ့ နဇံရွာနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာနေဒေသခံတွေကဆိုရင် ယခင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် အရပ်သားထိခိုက်တာမျိုးမရှိဘူးလို့ ဒေသခံတဦးက ဆိုပါတယ်။
“ ရွာမှာတော့ လူတွေ မရှိသလောက်ပဲပေါ့နော်၊ သူတို့စစ်ကြောင်းဝင်လာရင် အိမ်တွေ မီးရှို့တာ၊ မွေးမြူးထားတဲ့ တိရိစ္ဆာန်တွေ ယူတာ၊ အိမ်က တန်းဖိုးရှိတဲ့ ပစ္စည်းတွေလည်း ယူသွားတာလေ၊ အခုမှမဟုတ်ဘူး၊ အရင်ကတည်းကပဲ။ တွေ့တဲ့လူတွေကို ဖမ်း၊ ငွေတောင်း၊ မရရင် လူကိုပါသတ်နေတာလေ။ လူတွေလည်း ဘယ်နေရဲကြတော့မလဲ။” လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နံဇရွာအနီးပတ်ဝန်းကျင်မှာ တပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်မားနေတဲ့ အခြေအနေမှာ ရှိနေသလို နေ့စဉ်နဲ့အမျှ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကျောက်တံခါးမြို့နယ်အတွင်း အရပ်သားသောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပြီး သူတို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေလည်း လိုအပ်ချက်ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
Photo_ကျောက်တံခါးပကဖ