ထိုင်းနိုင်ငံကို ပြန်လာတော့မယ့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်

ဇူလိုင်၊ ၂၆

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာဟာ ပြည်ပမှာ တိမ်းရှောင်နေရာကနေ ထိုင်းနိုင်ငံဆီ လာမယ့်လမှာ ပြန်လာတော့မယ်လို့ သိရပါတယ်။

သက်ဆင်ရဲ့ အပြန်ခရီးနဲ့ ပတ်သက်ပြီး သူ့ရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာက လူမှုကွန်ရက် မီဒီယာမှာ ရေးသား ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်ဟာ ဩဂုတ် ၁၀ ရက်ကျရင် ဘန်ကောက်မြို့တော်ရဲ့ ဒွန်မောင်းလေဆိပ်ကို ပြန်လည် ဆိုက်ရောက်လာမှာဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်ကစပြီး သူ့ဖခင်ဟာ ထိုင်းကို ပြန်လာဖို့ ကိစ္စကို လေးလေးနက်နက် သဘောထားမျိုးနဲ့ စီစဉ်နေခဲ့ကြောင်း မကြာခင် ထိုင်းဝန်ကြီးချုပ်သစ် တင်မြှောက်ဖို့ စီစဉ်နေတဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ လွှတ်တော်အမတ် တဦးဖြစ်သူ ပေတွန်တန်က ဆိုပါတယ်။

သက်ဆင် ဦးစီး ထူထောင်ခဲ့တဲ့ PTPဟာ ပြီးခဲ့တဲ့ မေလလယ် ရွေးကောက်ပွဲမှာ ရလဒ်အရ ဒုတိယ နေရာသာ ရခဲ့ပေမယ့်လည်း ထောက်ခံမဲ အများဆုံး ရခဲ့တဲ့ မဟာမိတ် Move Forwardပါတီ (MFP)ရဲ့ အကျပ်အတည်းတွေကြောင့် ဝန်ကြီးချုပ် တင်မြှောက်ခွင့်ကို လက်လွှဲယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သက်ဆင်နဲ့ PTPဟာ ထိုင်းနိုင်ငံက ကျေးလက်နဲ့ အလုပ်သမား လူတန်းစားတွေကြားမှာ ထောက်ခံမှုအင်အား ကြီးကြီးမားမား ပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

သက်ဆင်က သူဟာ ထောင်သွင်း အကျဉ်းချ ခံရနိုင်တဲ့ အခြေအနေမျိုး ကြုံရနိုင်မှန်း သိပေမယ့်လည်း အခုနှစ် ဇူလိုင်လထဲမှာ ထိုင်းနိုင်ငံ ပြန်လာဖို့ စဉ်းစားထားကြောင်း ပြောဆိုခဲ့ဖူးပါတယ်။ သက်ဆင်ဟာ ၂၀၀၁ ခုနှစ်မှာ ထိုင်းဝန်ကြီးချုပ် ဖြစ်ခဲ့ပေမယ့် ၂၀၀၆ ခုနှစ်မှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ သူဟာ အဂတိ လိုက်စားမှု အပါအဝင် စွဲချက်တချို့နဲ့ ရင်ဆိုင်ခဲ့ရပြီး တရားရုံးချုပ် စီရင်ချက်အရ ထိုင်းကို ပြန်ရောက်ရင် အမြင့်ဆုံး ထောင် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်ခြေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၁၅ နှစ်လောက်အတွင်း အသက် ၇၄ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီးဟာ ထိုင်းနိုင်ငံရဲ့အဝေး ပြည်ပမှာပဲ အခြေချ ခိုလှုံနေခဲ့တဲ့တိုင် သူ့ရဲ့ နိုင်ငံရေး ဩဇာက ပြည်တွင်းမှာ ကြီးကြီးမားမား အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး လေ့လာသူ တချို့ကတော့ စစ်တပ် လိုလားသူတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား၊ ဘုရင်စနစ်ကို လိုလားသူ ကွန်ဆာဗေးတစ်တွေနဲ့ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေကြား အားပြိုင်မှုတွေ ပြင်းထန်နေတဲ့ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေမှာ သက်ဆင်ရဲ့ အပြန်ခရီးကြောင့် ရှုပ်ထွေးမှုတွေ ပိုဆိုးရွားသွားနိုင်တယ်လို့ ဝေဖန် ထောက်ပြနေကြပါတယ်။

ထိုင်းရဲတပ်ဖွဲ့ကတော့ သက်ဆင် ဘန်ကောက်ကို ပြန်လာရင် တရားဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တုံ့ပြန် ဆောင်ရွက်ဖို့ ပြင်ဆင်ထားမယ်လို့ ပြောပါတယ်။ ထိုင်းရဲ့ ဒုတိယ ရဲချုပ် ဆူရာချတ်တီ ဟက်ခ်ပန်းက ရဲတွေ အနေနဲ့ သူတို့ရဲ့ အလုပ်ကို သူတို့ လုပ်ကြမှာဖြစ်ကြောင်း၊ လေယာဉ် ဆိုက်လာပြီးရင် သက်ဆင်ဟာ တရားရုံးဆီ သွားရမှာဖြစ်ပြီး အဲဒီက အာဏာပိုင်တွေ ဘာပြောမလဲ ဆိုတာကို နားထောင်ဖို့လိုကြောင်း မှတ်ချက်ပေးထားပါတယ်။

 

Ref: Reuters