အာဖဂန်မှာ အလှပြင်ဆိုင်တွေအားလုံး ပိတ်ဖို့ အမိန့်ကို တာလီဘန်တွေ အတည်ပြု

ဇူလိုင်၊ ၂၆

ပြည်တွင်းမှာရော၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ အပြင်းအထန် ကန့်ကွက် ဝေဖန်နေပေမယ့်လည်း အာဖဂန် နစ္စတန်ရဲ့ တာလီဘန် အစိုးရက ပြည်တွင်းမှာ အလှပြင်ဆိုင်တွေ ပိတ်သိမ်းမယ့် အမိန့်ကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ 

တာလီဘန်တွေက တနိုင်ငံလုံးမှာရှိတဲ့ အလှပြင်ဆိုင်တွေကို အပြီးတိုင် ပိတ်သိမ်းဖို့ ၁ လ အချိန်ပေးထားပြီး ပြည်တွင်းမှာ အတော်လေး ပြင်းထန်တဲ့၊ အထူးသဖြင့် အမျိုးသမီးတွေဆီက ဝေဖန် ကန့်ကွက်သံတွေ ပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ဇူလိုင် ၂၅ ရက်မှာတော့ တာလီဘန် အစိုးရရဲ့ ကုသိုလ်၊ အကုသိုလ် ပိုင်းခြားသတ်မှတ်ရေး ဝန်ကြီးဌာနက မူလ စီစဉ်ထားတဲ့အတိုင်း အလှပြင်ဆိုင်တွေကို ပိတ်ဆို့စေမယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ အစိုးရ ညွှန်ကြားချက်ကို မလိုက်နာဘဲ ဆက်လက် ဖွင့်လှစ်ထားမယ့် အလှပြင်ဆိုင်တွေကို အကြမ်းပတမ်း နည်းလမ်းတွေနဲ့ ပိတ်ခိုင်းမလား ဆိုတာကိုတော့ ဝန်ကြီးဌာနက တိတိကျကျ မှတ်ချက် မပေးခဲ့ပါဘူး။

အမျိုးသမီးတွေ အလှပြင် ခြယ်သတာဟာ အစ္စလာမ် ဘာသာရေးမှာ တားဆီး ပိတ်ပင်ထားတဲ့ ပညတ်ချက် တခုဖြစ်တာကြောင့် အခုလို လုပ်ဆောင်တာလို့ တာလီဘန်တွေက ပြောပါတယ်။ ဒါ့အပြင် အလှပြင်ရတဲ့အတွက် ပွဲလမ်းသဘင်တွေ သွားရောက်တဲ့အခါ မိသားစုတွေအတွက် ငွေကြေး အကျပ်အတည်းတွေ ကြုံတွေ့စေတယ်လို့လည်း တာလီဘန်တွေက ဆိုပါတယ်။

ကုလသမဂ္ဂကတော့ အာဖဂန် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီး အခု ကန့်သတ်ပိတ်ပင်မှုကို ပြန်လည် ဖယ်ရှားပေးနိုင်အောင် ကြိုးစားမယ်လို့ ကြေညာထားပါတယ်။

တာလီဘန်တွေဟာ အာဖဂန်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တဲ့နောက် အစ္စလာမ်မစ် စည်းမျဉ်းတွေကို အခြေပြုပြီး လူ့အဖွဲ့အစည်းအပေါ်၊ အထူးသဖြင့် အမျိုးသမီးတွေအပေါ် တင်းကျပ်တဲ့ ကန့်သတ်မှုတွေ ပြန်လည် သတ်မှတ်လာပါတယ်။

တာလီဘန်တွေ အုပ်စိုးနေတဲ့ ကာလအတွင်း အာဖဂန် အမျိုးသမီးတွေရဲ့ လူနေမှုဘဝ အခြေခံ အခွင့်အရေးတွေ တစထက်တစ ဆုတ်ယုတ်လာနေပြီး အမျိုးသမီးတွေ ပညာသင်ကြားခွင့်၊ အလုပ်လုပ်ခွင့်တွေကိုပါ တာလီဘန်တွေက ပိတ်ပင်ခဲ့ပြီး ဖြစ်ပါတယ်။

 

Ref: Al Jazeera