ဝန်ကြီးချုပ်အဖြစ်က နုတ်ထွက်ပြီး သားဖြစ်သူကို အရိုက်အရာလွှဲမယ်လို့ ဟွန်ဆန်းကြေညာ

ဇူလိုင် ၊ ၂၆

ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး အစိုးရ ခေါင်းဆောင်တဦးအဖြစ် ရပ်တည်ခဲ့တဲ့နောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်းဟာ ရာထူးကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။

 ပြီးတော့ သူကိုယ်တိုင် ကြိုတင် အရိပ်အမြွက် ပြောထားတဲ့ စကားအတိုင်း သားဖြစ်သူကို ဝန်ကြီးချုပ် အရိုက်အရာ လွှဲအပ်မယ်လို့လည်း သိရပါတယ်။ ဟွန်ဆန်းရဲ့ သားအကြီးဆုံးလည်းဖြစ်၊ လက်ရှိ ကမ္ဘောဒီးယား ကြည်းတပ်ကို ဦးဆောင်နေတဲ့ ဗိုလ်ချုပ် တစ်ဦးလည်းဖြစ်တဲ့ ဟွန်မာနတ်ဟာ မကြာခင် သီတင်းပတ်တွေအတွင်း အရှေ့တောင်အာရှ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် အနေနဲ့ ကြေညာခြင်း ခံရဖွယ် ရှိပါတယ်။

 အသက် ၇၀ အရွယ် ဟွန်ဆန်းဟာ ကမ္ဘောဒီးယားကို ဆယ်စုနှစ် ၄ ခုနီးပါးလောက် အုပ်ချုပ်ခဲ့တဲ့နောက် အရမ်း အာဏာရှင် ဆန်လာတယ်လို့ သတ်မှတ် ခံခဲ့ရပါတယ်။ သူ့လက်ထက်မှာ အတိုက်အခံတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖြိုခွင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

 သူ့ရဲ့သား ဟွန်မာနတ်ကတော့ အမေရိကန်နဲ့ ဗြိတိန်တို့မှာ ပညာသင်ကြားခဲ့တဲ့ အနောက်တိုင်း ခေတ်ပညာတတ် တဦးဖြစ်ပြီး သူ့လက်ထက်မှာ အစိုးရရဲ့ စီမံအုပ်ချုပ်ပုံနဲ့ မူဝါဒတွေ ပြောင်းလဲလာမလား ဆိုတာကိုတော့ ခန့်မှန်းဖို့ မလွယ်သေးပါဘူး။

 ကမ္ဘောဒီးယား အစိုးရရဲ့ အတွင်းစည်း အသိုက်အဝန်းကတော့ ဟွန်ဆန်းဟာ သူ့သားကို အရိုက်အရာခံ ပုဂ္ဂိုလ်အဖြစ် ဆယ်စုနှစ်တွေနဲ့ချီ တသသ ပျိုးထောင်ခဲ့တယ်လို့ ပြောပါတယ်။

 ဇူလိုင် ၂၆ ရက်မှာတော့ ဟွန်ဆန်းက သူဟာ ဝန်ကြီးချုပ် အဖြစ်က နုတ်ထွက်ပြီး သားဖြစ်သူကို ဩဂုတ် ၁၀ ရက်မှာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ ကြေညာခဲ့ပါတယ်။ သူက ဝန်ကြီးချုပ်အဖြစ် ဆက်ရှိတော့မှာ မဟုတ်ကြောင်း ကြေညာခဲ့တဲ့ အခြေအနေအပေါ် ပြည်သူတွေ နားလည်ပေးဖို့ မျှော်လင့်ပါကြောင်းလည်း ဟွန်ဆန်းက ဆိုတယ်။

 ဟွန်ဆန်းဟာ သားဖြစ်သူကို ဝန်ကြီးချုပ်ရာထူး လွှဲအပ်ပေမယ့် အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP)ရဲ့ ခေါင်းဆောင် ရာထူးကို ဆက်လက် ချုပ်ကိုင်ထားမှာ ဖြစ်တဲ့အတွက် တကယ့် အမြင့်ဆုံး နိုင်ငံရေး အာဏာက သူ့လက်ထဲမှာ ဆက်ရှိနေလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။