စစ်ကောင်စီက ကရင်နီပြည်နယ်က ဒေသတချို့ကို အင်အားအလုံးအရင်းဖြည့်တင်းနေ

ဇူလိုင်၊ ၂၅

စစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်ထဲက ဒေသတချို့ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းနေပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း လုပ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကDNAသတင်းဌာနကို  ပြောပါတယ်။

“ဒီနှစ်အတွင်း တိုက်ပွဲကတော့ တော်တော်ပြင်းဦးမယ်၊ ဘော်လခဲဘက်မှာလည်း အင်အားဖြည့်တင်းတာတွေလုပ်နေတယ်၊ သူတို့ဘက်က အခုရက်ပိုင်းအင်အားဖြည့်လာတာတောင် တထောင်ဝန်းကျင်ရှိတယ်၊ သူတို့က မိတ္ထိလာဘက်ခြမ်းကနေလာတယ်လို့တော့ ထင်တယ်၊ အတိအကျတော့ မပြောနိုင်ဘူး” လို့ ဒီးမော့ဆိုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက  ပြောပါတယ်။

ပြည်နယ်နဲ့တိုင်း၁၄ ခုမှာ အသေးငယ်ဆုံးဖြစ်တဲ့ ကရင်နီပြည်နယ်ဟာ အာဏာသိမ်းတာကို လက်မခံဘဲ တော်လှန်တိ်ုက်ခိုက်ရာမှာ အပြင်းထန်ဆုံးဖြစ်သလို နေပြည်တော်နဲ့နီးကပ်တဲ့ ဒေသဖြစ်လို့ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီးအင်အားသုံးပြီးချေမှုန်းဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။

ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီဘက်က အခုလို စစ်အင်အားအလုံးအရင်းနဲ့ ဖြည့်တင်းလာတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့ လည်း ကာကွယ်ရေးအဖွဲ့တွေက ခန့်မှန်းကြပါတယ်။

စစ်ကားအကြီးလေးဆယ်လောက်ပါဝင်တဲ့့ စစ်ကောင်စီတပ်ယာဉ်တန်းဟာ ဇူလိုင်လ ၂၄ ရက်က ရှမ်းပြည်နယ်၊ ဖယ်ခုံကနေတဆင့် ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ဘက်ကို ဦးတည်ပြီး စစ်အင်အားဖြည့်တင်းဖို့သွားတာတွေ့ရ တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။

“မိုးဗြဲကိုတော့ ညနေလောက်မှာဖြတ်သွားတယ်၊ ဦးတည်သွားတာကတော့ လွိုင်ကော်ဘက်ကိုပဲ၊ လောလောဆယ်တော့ ဘယ်ရောက်နေပြီလဲဆိုတာ မသိရသေးဘူး၊ အင်အားကတော့ အနည်းဆုံး လေးရာလောက်ရှိမယ်လို့ ခန့်မှန်းထားတယ်၊ ကျနော်တို့အဖွဲ့နဲ့တော့ ပစ်ခတ်မှုမဖြစ်ဘူး၊ လွိုင်ကော်ဘက်ကို သွားတဲ့လမ်းမှာတော့ အခြားအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်သေးတယ်၊ အတိအကျတော့မသိရဘူး” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် အင်အားသုံးရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သံလွင်မြစ်အရှေ့ဘက်ခြမ်း ဖားဆောင်းမြို့နယ်ထဲက ကျေးရွာတွေဘက်ကို ဇူလိုင်လ ၂၁ ရက်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၂၂ ရက်မှာတော့ ကျောက်ပန်းညိုကျေးရွာအနီးတိုက်ပွဲမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့ပါတယ်။

ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၂ ကတော့ လွိုင်ကော်-မိုးဗြဲ၊ လွိုင်ကော်-ဆီဆိုင် ကားလမ်းတလျှောက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေလုပ်နေတာကြောင့် ဇူလိုင်လ ၁၈ ရက်ကနေ ၂၈ ရက်နေ့အထိ ကုန်တင်ကားတွေ မသွားလာကြဖို့ သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်နီ-ကရင်နယ်စပ် သံတောင်ကြီးမြို့နယ်ဘက်ကနေလည်း ကရင်နီပြည်နယ်ထဲကို ကားအကြီး ရှစ်စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အင်အားဖြည့်တင်းလာနေပြီး ဇူလိုင်လ ၂၃ ရက်ကတော့ အဲဒီကားတွေထဲကတစီး ယာဒိုကျေးရွာအနီး တိမ်းမှောက်ခဲ့တယ်လို့သိရပါတယ်။

“အဲကားတွေက ယာဒိုရွာနားရောက်တဲ့အထိပဲ သတင်းရတယ်၊ လောလောဆယ်ဘယ်အထိရောက်နေပြီလဲမသိဘူး” လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယာဒိုကျေးရွာအနီးတဝိုက်မှာတော့ ဇူလိုင်လ ဒုတိယအပတ်ကတည်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး အဲဒီကားရှစ်စီးဟာ ယာဒိုရွာအနီးက တပ်စခန်းတွေကို အင်အားလာဖြည့်တာလည်း ဖြစ်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့ဝင်တွေက ပြောပါတယ်။

ကရင်နီပြည်နယ်၊ မယ့်စဲမြို့နယ်ထဲမှာ ဇွန်လအတွင်းကလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းငါးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက လက်ရှိအချိန်ထိ သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ထံကနေ သိရပါတယ်။

တဖက်မှာလည်း တိုက်ပွဲပြင်းထန်လာတဲ့ ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုများလာပြီး ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့တဲ့အရပ်သား ၃၆ ဦးရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံကနေ သိရပါတယ်။