ဇူလိုင်၊ ၂၅
မြန်မာ့သမိုင်းတလျှောက် တန်ဖိုးအမြင့်ဆုံး သို့မဟုတ် ကိန်းဂဏန်းအားဖြင့် အမြင့်ဆုံး ငွေစက္ကူဖြစ်တဲ့ နှစ်သောင်းကျပ်တန် ငွေစက္ကူကို လာမယ့် ဩဂုတ်လ ၁ ရက်မှာ စတင်ထုတ်ဝေတော့မယ်လို့ စစ်အုပ်စုက ကြေညာလိုက်ပါပြီ။
အဲဒီ ငွေစက္ကူကို ဘာ့ကြောင့်ထုတ်တာလဲ။ အကျိုးဆက်တွေက ဘာဖြစ်လာမလဲ။ ဈေးကွက်ကို သက်ရောက်မှုရှိမှာလား။ ဒါတွေကို ဒီတပတ် ဆွေးနွေးကြဖို့ဖြစ်ပါတယ်။ မေးခွန်းတွေအများကြီးထဲမှာမှ စစ်အုပ်စုက ဒီငွေကြေးစက္ကူကို ဘာ့ကြောင့်ထုတ်ဝေတာလဲဆိုတာ စဉ်းစားဖို့ ဖြစ်ပါတယ်။
▪ဘာ့ကြောင့် နှစ်သောင်း တန်လဲ
ဒီငွေစက္ကူဟာ သမိုင်းတလျှောက် တန်ဖိုးအားဖြင့် အမြင့်ဆုံးဖြစ်လာမှာပါ။ ဒါကတော့ စစ်ခေါင်းဆောင် လက်ထက်မှာ ထုတ်ဝေတဲ့ ငွေစက္ကူဟာ တန်ဖိုးအရှိဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို တပ်မက်လို့ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဂျာမနီက တင်သွင်းရတဲ့ စက္ကူဈေးကို ကာမိအောင် တန်ဖိုးကြီးတာ ထုတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေရတာဟာ မာရဝိဇယရုပ်ပွားတော်မြတ် တည်ထားတော်မှုတဲ့ အထိမ်းအမှတ်၊ ဗုဒ္ဓသာသနာ ရောင်ဝါ ထွန်းလင်းနေတဲ့ အထိမ်းအမှတ်ဆိုပြီး စစ်အုပ်စုက ကြေညာပါတယ်။ ဒီလိုအထိမ်းအမှတ်အတွက် ငွေစက္ကူထုတ်တယ်ဆိုတာမျိုး နိုင်ငံတကာမှာလည်း ရှိတယ်ဆိုပြီး စစ်အုပ်စုက တရားဝင် ထုတ်ဖော်ပြောကြားထားပါတယ်။ တကယ်တော့ ဒီပြောဆိုချက်တွေက မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ကာတာထက် မပိုပါဘူး။
ကြပ်တည်းလာတဲ့ စီးပွားရေး၊ မြင့်တက်လာတဲ့ ပြည်တွင်းကြွေးမြီ ဖြေရှင်းဖို့၊ ငွေကြေးနည်းပါးလာတဲ့ အစိုးရအသုံးစရိတ်ရရှိမှု ဒါတွေကို ကာမိဖို့အတွက် ငွေစက္ကူတွေ ထုတ်ဝေရတယ်လို့ ကျွမ်းကျင်သူတွေကတော့ သုံးသပ်ပါတယ်။
▪အစိုးရအသုံးစရိတ်ငွေကြေး နည်းပါးလာခြင်း
ဒီနေရာမှာ Government Expenditure လို့ခေါ်တဲ့ အစိုးရအသုံးစရိတ်ရရှိမှုက ဘာလို့နည်းပါးလာတာလဲလို့ မေးစရာရှိပါတယ်။ အကြောင်းရင်းများစွာ ရှိတဲ့အထဲက စစ်အသုံးစရိတ်တွေ အဆမတန်မြင့်တက်လာတာ၊ သယံဇာတက ရရှိတဲ့ ဝင်ငွေတွေ နည်းပါးလာတာ၊ နိုင်ငံတော်ပိုင် ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့ကို အမည်ပျက်စာရင်းသွင်းလိုက်လို့ ဝန်ကြီးဌာနတွေ အတွက် ဝင်ငွေရလမ်း ခက်ခဲလာတာတွေက သိသာစေတဲ့ အချက်တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရပ်ရပ်သော အခွန်ရငွေတွေ နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အွန်လိုင်းလုပ်ငန်းတွေက အခွန်ကောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
▪ပြည်တွင်းကြွေးမြီကိစ္စ
ဈေးကွက်ထဲကို ငွေစက္ကူအမြောက်အမြား ရိုက်ထုတ်တာဟာ ကာလတိုမှာ အဆင်ပြေသလိုရှိပေမယ့် ရေရှည်မှာတော့ ဒုက္ခပိုစေပါတယ်။ ငွေစက္ကူရိုက်ထုတ်တဲ့အခါ အစိုးရဆပ်ရမယ့်အကြွေး တနည်းအားဖြင့် ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်တွေရဲ့ တန်းဖိုးဟာ လျော့ကျကုန်ပါတယ်။ ဒါ့ကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အဲဒီ ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်တွေကို ဝယ်ယူဖို့ စိတ်မဝင်စားတော့ပါဘူး။ ဒါဟာ အစိုးရတရပ်အနေနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံသူတွေဆီက ငွေချေးလို့မရတဲ့သဘောပါ။ ဒါ့ကြောင့် ငွေချေးလို့ရအောင် တစ်နည်းအားဖြင့် ငွေတိုက်စာချုပ်၊ ငွေချေးစာချုပ်တွေ ဝယ်ယူအောင် အတိုးနှုန်းကို မြှင့်ပေးပြီး မက်လုံးပေး ဆွဲဆောင်ရပြန်ပါတယ်။ ဒီလိုနည်းနဲ့ပဲ အဆိုးကျော့သံသရာ လည်စေပါတယ်။
စစ်အုပ်ချုပ်စု ကြေညာချက်တွေမှာတော့ ဒီ နှစ်သောင်းတန်ကို ဟောင်းနွမ်းငွေကြေးနဲ့ ပမာဏတူ လဲပေးမှာပါ။ အကန့်အသတ်နဲ့ ထုတ်ဝေမှာပါလို့ ဆိုပါတယ်။ လူတဦး နှစ်သောင်းတန် သုံးရွက်ပဲ ရမှာပါဆိုပြီး ကြေညာပါတယ်။ ဒါပေမယ့် ပညာရှင်တွေ ဓားမိုးခံထားရတဲ့ ဗဟိုဘဏ်အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရပါသလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဗဟိုဘဏ်ဆိုတာ ရုပ်ပြဖြစ်ပြီး စစ်အုပ်စုက ကျပ် နှစ်သောင်းတန်တွေကို လိုသလောက် ရိုက်ထုတ်နိုင်တယ်လို့လည်း ပြည်သူအများစုက ယူဆနေကြတာပါ။
ဒါ့ကြောင့် အကြောင်းပြချက်တွေအနေနဲ့ မာရဝိဇယရုပ်ပွားတော်မြတ်နဲ့ ဗုဒ္ဓသာသနာကို ခုတုံးလုပ်ပြီး စစ်အုပ်စုအနေနဲ့ သူတို့ရပ်တည်နိုင်ရေးအတွက် ကျပ် နှစ်သောင်းတန်တွေ ရိုက်ထုတ်တယ်ဆိုတာ ထင်ရှားလာပါတယ်။ ဒါ့ဖြင့် အကျိုးဆက်က ဘာတွေဖြစ်လာမလဲ။
▪အကျိုးဆက်များ
သီအိုရီအရတော့ ငွေစက္ကူတွေ ရိုက်ထုတ်မယ်ဆိုရင် ဈေးကွက်ထဲ ငွေကြေးလှည့်လည်စီးဆင်းမှု (Money in Circulation) များလာမယ်။ ကုန်ဈေးနှုန်းတွေတက် (Price increasing) ပါတယ်။ ငွေရဲ့ဝယ်နိုင်စွမ်းအား (Purchasing Power of Money)ကျမယ်။ ဒါတွေကြောင့်ပဲ ငွေကြေးဖောင်းပွမှုတွေ ဖြစ်လာပါတယ်လို့ ဘောဂဗေဒပညာရှင်တွေက ဆိုပါတယ်။ အဲဒါကို ဒီလိုနားလည်နိုင်ပါတယ်။
ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေရှိမယ်။ လှည့်လည်စီးဆင်းနေတဲ့ ငွေကြေးပမာဏတရပ်ရှိမယ်။ အဲဒါဟာ သူ့ကုန်ပစ္စည်းနဲ့ သူ့ငွေကြေး မျှခြေတရပ်ဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ ငွေစက္ကူတွေ ရိုက်ထုတ်လိုက်တဲ့အခါ အဲဒီငွေကြေးတွေက ဈေးကွက်ထဲကို နည်းမျိုးစုံနဲ့ ရောက်သွားပါတယ်။ ဒါဆိုရင် ဈေးကွက်ထဲက ငွေကြေးလှည့်ပတ်စီးဆင်းမှုက ပိုများသွားပါမယ်။ ကုန်ပစ္စည်းကတော့ မူလအခြေအနေအတိုင်း ရှိနေမှာပါ။ ဒါဆိုရင် မူလက ကုန်ပစ္စည်းနဲ့ ငွေကြေး မျှခြေရှိနေတာကနေ ငွေရိုက်ထုတ်ပြီးတဲ့အခါကျ ငွေကများပြီး ကုန်ပစ္စည်းက ရှားသွားပါတယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းက ဈေးတွေတက်ကုန်ပါတယ်။ ကုန်ပစ္စည်းဈေးတက်ရင် ငွေရဲ့ဝယ်နိုင်စွမ်းအားက ကျသွားတဲ့သဘောပါ။ ဒါ့ကြောင့်လည်း ကုန်ပစ္စည်းအမျိုးပေါင်း ရာနဲ့ချီကို ဒီလိုတွက်ချက်ပြီးတဲ့အခါ ငွေကြေးဖောင်းပွမှုဆိုတာ ဖြစ်လာပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန် ကုန်ဈေးနှုန်းက အဆမတန်မြင့်တက်နေပါတယ်။ နမူနာ ထုတ်နုတ်ပြလို့ရတဲ့ ကုန်စည်အများအပြားရှိပါတယ်။ လူလတ်တန်းစား စားသုံးကြတဲ့ ကျားပျံအမျိုးအစား ၂၄ ပြည်ဝင် ဆန်တအိတ်ကို အာဏာမသိမ်းခင်က ၅၅,၀၀၀ ကျပ်ပါ။ အခုတော့ တသိန်းကျော်နေပါပြီ။ အာဏာမသိမ်းခင်က ကြက်ဥတလုံး ၁၃၀ ကျပ်၊ အခု ၃၅၀ ကျပ်။ အာဏာမသိမ်းခင်က ဓာတ်ဆီ၊ ဒီဇယ် တစ်လီတာ ပျမ်းမျှ ၆၅၀-၇၀၀ ကျပ်၊ အခု ၂၂၀၀ ပတ်လည်ဖြစ်ပါတယ်။ အာဏာမသိမ်းခင်က ရွှေတကျပ်သား ကျပ် ၁၃ သိန်းခွဲ ဝန်းကျင်၊ အခု တကျပ်သား ကျပ်သိန်း သုံးဆယ် ကျော်ပါတယ်။ ပြောချင်တာက စစ်အုပ်စုလက်ထက် မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး ငွေကြေးဖောင်းပွမှုကြီးမားနေတယ်ဆိုတာပါ။ ဒါကမြင်သာအောင် အရပ်ပြောပြောတာဖြစ်ပြီး ပညာရှင်တွေ ဘာပြောလဲ တစ်ချက်ကြည့်ရအောင်ပါ။
ကမ္ဘာ့ဘဏ်က နောက်ဆုံးထွက်ရှိတဲ့ အစီရင်ခံစာအရဆိုရင် မြန်မာ့ငွေကြေးဖောင်းပွမှုဟာ အခုနှစ် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်အထိဆိုရင် ၁၄ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီလိုခန့်မှန်းတာဟာ နှစ်သောင်းတန်ငွေစက္ကူ သတင်းမထွက်ခင်အချိန်က ဖြစ်ပါတယ်။ ဩဂုတ်လမှာ ကျပ် နှစ်သောင်းတန် ထွက်ပြီဆိုရင် ငွေကြေးဖောင်းပွမှုက ကမ္ဘာ့ဘဏ်ခန့်မှန်းတဲ့ ၁၄ ရာခိုင်နှုန်းထက် ကျော်လွန်လာဖို့ပဲ ရှိနေပါတယ်။
▪မြေပြင်ကပြောတဲ့ အခြေအနေ
စစ်အုပ်စုကတော့ ကျပ် နှစ်သောင်းတန်ထုတ်ဝေလို့ ငွေကြေးဖောင်းပွမှုမဖြစ်ပါဘူး။ အထိမ်းအမှတ်အဖြစ် အကန့်အသတ်နဲ့ ထုတ်ဝေတာဖြစ်လို့ ငွေကြေးဈေးကွက်ကို မထိခိုက်ဘူးဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ပြည်သူအများစုကတော့ မယုံကြည်ပါဘူး။
အရာမရာမသေချာတဲ့ ခေတ်ကြပ်ကြီးမှာ လက်ကြီးအရောင်းအဝယ်သမားတွေကို မဆိုထားနဲ့ တပိုင်တစ်နိုင် စာအုပ်ရောင်းသူတွေ၊ ကုန်ခြောက်ဆိုင်တွေတောင် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမယ်ဆိုတဲ့ သတင်းကြားပြီး အရောင်းအဝယ်တွေ ရပ်ကုန်ပါတယ်။
“ ဘာလို့ရပ်တာလဲဆိုတော့ အဲဒီ နှစ်သောင်းတန် ထုတ်ဝေမယ်ဆိုလို့ပဲ နေမှာပေါ့။ ဒီဘက်က ကုန်ခြောက်ဆိုင် လက်ကားဆိုင်ကြီး သုံးဆိုင်လို့ ဒီနေ့မဖွင့်ဘူး ” လို့ လှိုင်သာယာအနောက်ပိုင်း ရွှေရင်အေးဈေးက လက်ကား ကုန်ခြောက်ဆိုင်ကြီးတွေကို ရည်ညွှန်းပြီး ဒေသခံတဦးက ဇူလိုင်လ ၂၃ ရက်တုန်းက မှတ်ချက်ပြုပါတယ်။
ဒီလိုပဲ ကားလောကမှာလည်း အမြင့်ဈေးနဲ့ အရောင်းအဝယ်တွေ ဖြစ်နေကြပေမယ့် အခုတော့ စောင့်ကြည့်နေကြရတဲ့ အခြေအနေဆိုပြီး လုပ်သက်ရင့် ဝယ်ရောင်းတဦးက ပြောပါတယ်။
“ အထူးသဖြင့်တော့ ရောင်းတဲ့လူတွေပေါ့နော်။ သူတို့က ရောင်းဖို့ တွန့်သွားတဲ့ သဘောရှိတယ်။ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ ” လို့ သူက ပြောပါတယ်။
တနည်းအားဖြင့် သာမန်ပြည်သူတွေ ဒီလိုစိုးရိမ်နေတာကို မဆိုထားနဲ့။ စစ်အုပ်စုနဲ့ ပလဲနံပသင့်တဲ့ ရွှေအသင်းတွေက လူကြီးတွေ၊ ရွှေလက်ကြီးသမားတွေ၊ ရွှေအရောင်းအဝယ်သမားတွေကတောင် စစ်အုပ်စုရဲ့ ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုဟာ ငွေကြေးဖောင်းပွမှုမဖြစ်ဘူး၊ ငွေကြေးဈေးကွက်ကို မထိခိုက်ဘူးဆိုတာ မယုံကြည်ကြပါဘူး။ ဒါကြောင့်လည်း နှစ်သောင်းတန်ငွေစက္ကူသတင်းကြားပြီး နောက်ရက်ကျ ရန်ကုန်၊ မန္တလေး ရွှေအရောင်းအဝယ်တွေက ရပ်ကုန်ပါတယ်။
ဒါပေမယ့် ဒီလိုငွေစက္ကူထုတ်ဝေတာအကြောင်းပြ၊ လူတွေစိုးရိမ်စိတ်ကို ခုတုံးလုပ်ပြီး ဈေးတွေဆွဲတင်သူတွေကို အရေးယူဖို့စီစဉ်နေတယ်လို့ စစ်အုပ်စုကတော့ ဆိုပါတယ်။ ဒေါ်လာဈေးဆွဲတင်တယ်လို့ ယူဆပြီး သံသယရှိသူ နှစ်ဆယ်လောက်ကိုလည်း စစ်ဆေးနေတယ်လို့ သတင်းတွေထွက်နေတာပါ။
ဒါပေမယ့်လည်း ဒီလိုတွေ ဖမ်းဆီးစစ်ဆေးတာက ဘယ်လောက်များ အလုပ်ဖြစ်လဲဆိုတာ မြင့်တက်လာတဲ့ စက်သုံးဆီဈေး ၊ ရွှေဈေး၊ ဒေါ်လာဈေးတွေကိုကြည့်ရင် သိနိုင်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၅ ရက်မှာပဲ အကယ်ဒမီ မီးလင်းရွှေတကျပ်သား ၃၆ သိန်းဆိုပြီး ကြားနေရပါတယ်။
ဒါ့ကြောင့် ဘာတွေဆက်ဖြစ်မလဲဆိုရင်တော့ အခိုက်အတန့်အားဖြင့် အရပ်ရပ်သော ကုန်စည်တွေရဲ့ ဈေးနှုန်းတွေကတော့ မြင့်တက်နေဦးမှာပါ။
ဒီပြဿနာတွေက အသစ်တော့ မဟုတ်ပါဘူး။ ဖြေရှင်းနည်းကိုပြောမယ်ဆိုရင်တော့လည်း နိုင်ငံရေးခပ်ကဲကဲ အမြင်နဲ့ပဲ ပြောရပါလိမ့်မယ်။ အဓိကတော့ ကိုယ်နေရာ ကိုယ်ယူ၊ ကိုယ့်အလုပ် ကိုယ်လုပ်ကြဖို့ပါ။
ပညာရှင်တွေအရာဖြစ်တဲ့ ဗဟိုဘဏ်လုပ်ဆောင်ရမယ့်ကိစ္စတွေကို အုပ်ချုပ်သူတွေက ဝင်မစွက်ဖို့လို့ပါလိမ့်မယ်။ ဗဟိုဘဏ်တာဝန်ရှိသူတွေကိုယ်တိုင်ကလည်း ပညာရှင်ပီသဖို့လိုပါလိမ့်မယ်။ အရာရာ လူ့စည်း၊ ဘီလူးစည်း ကွဲပြီး ကျရာနေရာ ပရော်ဖက်ရှင်နယ်ပီသစွာ လုပ်ကိုင်ရင်ဖြင့် လူထုဘဝ အထွေထွေအကျပ်အတည်းက လွတ်မြောက်ဖို့ လမ်းစ ဖြစ်ပါလိမ့်မယ်။
မောင်စီးပွား