ပြည်ပရောက် မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး ၊ပျက်စီးမှုအတွက် ဒဏ်ကြေးတွေတိုးမြှင့်

ဇူလိုင်၊ ၂၅

ဇူလိုင်၊ ၂၅
 
ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေ ပျောက်ဆုံး/ပျက်စီး သွားလို့ အသစ်ပြန်လျှောက်ရင် ပေးဆောင်ရမယ့် ဒဏ်ကြေးတွေကို စစ်ကောင်စီက တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
 
စစ်ကောင်စီ သံရုံးတချို့က ဇူလိုင်၂၄ ရက်ကစပြီး နိူင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီးမှုအတွက် တိုးမြှင့်လိုက်တဲ့ ဒဏ်ကြေးတွေကို မနေ့က အသီးသီး ကြေညာခဲ့ကြတာဖြစ်ပါတယ်။
 
” သူတို့ (စစ်ကောင်စီ)က ပြည်သူဆီက ဘယ်လိုဓါးပြတိုက်ရမလဲပဲ ချောင်းနေတာလေ၊ အခုလည်း ပြည်ပက သူတွေ ဘက်လှည့်ပြီးငွေညှစ်တာလို့ပဲ မြင်တယ် ” လို့ ယူအေအီး နိူင်ငံရောက် မြန်မာနိူင်ငံသားတဦးက ပြောပါတယ်။
 
လက်ရှိအချိန်အထိ ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေမှာရှိတဲ့ စစ်ကောင်စီ သံရုံးတွေက အဲ့ဒီလို ဒဏ်ကြေးတိုးမြှင့်သတ်မှတ်လိုက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်လာတာပါ။
 
ထိုင်းနိုင်ငံမှာ ဒါဏ်ကြေး ၃၆၅၀ ဘတ်နဲ့ စာအုပ်တန်ဖိုး ၁၂၅၀ ဘတ် ပြောင်းလိုက်သတ်မှတ်လိုက်ကြောင်း ကြေညာထားသလို မလေးရှားနိုင်ငံရှိ စစ်ကောင်စီသံရုံးကလည်း ရင်းဂစ် ၃၃၀ အစား ရင်းဂစ် ၄၈၀ ပြောင်းလိုက်တယ်ဆိုပြီး ကြေညာထားပါတယ်။
 
တောင်ကိုရီးယားနိုငံရှိ စစ်ကောင်စီသံရုံးက မူလအမေရိကန်ဒေါ်လာ ၇၅ ဒေါ်လာ ကောက်ယူခဲ့ရာကနေ အမေရိ ကန်ဒေါ်လာ ၁၀၅ ဒေါ်လာ ပြောင်းလဲကောက်ယူမှာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသရှိ ရီရတ်ဒ်မြို့ စစ်ကောင်စီ သံရုံးကလည်း စာအုပ်တန်ဖိုးနဲ့ ဒဏ်ကြေးအပါ ဆော်ဒီရယ် ၄၂၀ အစား ဆော်ဒီရယ် ၅၃၅ ပြောင်းလဲ ကောက်ယူမယ်ဆိုပြီး ကြေညာထားပါတယ်။
 
အခုလို နိုင်ငံကူးလက်မှတ်ဒါဏ်ကြေး တိုးမြှင့်တာဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားငွေ ပိုရဖို့ သံရုံးတွေက တဖက်ကနေ ပံ့ပိုးလုပ်ဆောင်တဲ့သဘော ဖြစ်တယ်လို့ ပြည်ပရောက်မြန်မာလုပ်သား​တချို့က ဝေဖန်ကြပါတယ်။
 
” ပြည်တွင်းမှာလည်း ငွေစက္ကူအသစ်တွေ ထုတ်ပြီး ကြံတယ်၊ ပြည်ပကသူတွေလည်း မလွတ်စေရဘူး ဆိုတဲ့သဘော၊ သံရုံးတွေကလည်း စစ်ကောင်စီအလိုကျ လိုက်လုပ်ဖို့ အဆင်သင့်ရှိနေကြတာ ” လို့ ကိုရီးယားရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
ဒါပေမယ့် မြန်မာနိုင်ငံသားတွေ သွားရောက်အလုပ်လုပ်ကိုင်မှု များပြားတဲ့ ပြည်ပနိုင်ငံတချို့က စစ်ကောင်စီသံရုံးတွေမှာတော့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့အရေး ကြန့်ကြာနေတာမျိုးတွေကြောင့် လက်ရှိမှာလည်း ငွေကုန်ကြေးကျ များတာ၊ အချိန်မီ သက်တမ်းမတိုးနိုင်တာတွေ ဖြစ်နေတယ်လို့ မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။
 
“ ကျွန်တော်က ဒီလာမယ့် ရှစ်လပိုင်းထဲမှာ ပတ်စ်ပို့ သေမှာဆိုတော့ ဇွန်လကုန်လောက်ကတည်းက သက်တမ်းတိုးဖို့ လုပ်တယ်၊ ဒါပေမယ့် ကျွန်တော်ရတဲ့ တုံကင်မှာက ၂၀၂၄ ခုနှစ်၊ ၄ လပိုင်းမှရမယ်ဆိုတော့ ပွဲစားတွေနဲ့ လုပ်ရတယ်၊ အခု (ရင်းဂစ်)နှစ်ထောင်ကုန်ထားပြီ ရမယ်၊ မရမယ် မသေချာသေးဘူး ” လို့ မလေးရှာရောက် မြန်မာလုပ်သားတဦးက ပြောပါတယ်။
 
ဒါကြောင့် သံရုံးတွေအနေနဲ့ ဒဏ်ကြေးကို တိုးမြှင့်သတ်မှတ်မယ်ဆိုရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှုလုပ်ငန်းကို မြန်မြန်ဆန်ဆန်ရရှိအောင်လည်း လုပ်ပေးသင့်တယ်လို့ မြန်မာလုပ်သားတွေက ထောက်ပြကြပါတယ်။
 
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားသန်းနဲ့ချီ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာတော့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့အတွက် မူလကထက် ပိုမိုတင်းကျပ်တဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့ ဧပြီလက ထုတ်ပြန်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် သက်တမ်းတိုးဖို့အတွက် လျှောက်ထားလာမှုတွေကို သက်ဆိုင်ရာကို တင်ပြ ခွင့်ပြုချက်တောင်းခံရမှာဖြစ်လို့ သက်တမ်းတိုးလျှောက်ထားချိန်မှာ နိုင်ငံကူးလက်မှတ်သက်တမ်း ခြောက်လ လောက်ရှိနေသင့်တယ်လို့လည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ စစ်ကောင်စီ ကောင်စစ်ဝန်ရုံးက ထုတ်ပြန်ထားပါတယ်။
 
ပြည်ပနိုင်ငံတွေကမြန်မာသံရုံးတွေဟာ စစ်ကောင်စီအမိန့်အတိုင်း လိုက်လုပ်နေသလို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ မြန်မာတွေကို စောင့်ကြည့်မှတ်တမ်းယူပြီး အမည်ပျက်စာရင်းသွင်းတာ၊ နိူင်ငံကူးလက်မှတ် သက်တမ်းတိုးမပေးတာမျိုးတွေလည်း လုပ်နေတယ်လို့ ပြည်ပရောက် မြန်မာအသိုင်းအဝိုင်းက ဆိုပါတယ်။
 
စစ်ကောင်စီဟာ မကြာခင်ကလည်း ပြည်ပအလုပ်အကိုင်အေဂျင်စီတွေကို ခေါ်တွေ့ပြီး ပြည်ပရောက် လုပ်သားတွေ တရားဝင်ငွေလွှဲစနစ်တွေကို အသုံးပြုကြဖို့ ဖိအားပေးစေခိုင်း​တာ လုပ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – နိုင်ငံကူးလက်မှတ်သက်တမ်းတိုးဖို့စောင့်ဆိုင်းနေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတချို့။