မန္တလေးမြို့ရှိ ဆေးဆိုင်တဆိုင် သိန်းရှစ်ရာနီးပါး ဓားပြတိုက်ခံရ

ဇူလိုင်၊ ၂၅
 
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အတွင်းရှိ ဆေးဆိုင်တဆိုင်ကို ဇူလိုင်လ ၂၄ ရက် မနေ့ညက အရပ်ဝတ်နဲ့ လူတစုက စစ်ဆေးစရာရှိတယ်လို့ ပြောဆိုကာ အိမ်ထဲ ဝင်ရောက်လာပြီးနောက် ဓားပြတိုက်သွားလို့ သိန်းရှစ်ရာနီးပါး ပါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
“ သူတို့က ကားနဲ့လာတာဗျ။ ပုံစံတွေက ရဲတွေလိုလို ဘာလိုလိုနဲ့ ဝင်လာတာပေါ့။ စစ်ဆေးစရာရှိတယ် ဆိုပြီး ပြောဝင်လာတာပေါ့။ အိမ်ထဲရောက်တော့ မအော်နဲ့ ငြိမ်ငြိမ်နေ အော်ရင်ပစ်သတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြီး ဓားပြတိုက်သွားတာပါ။ အေးအေးဆေးဆေးလုပ်ပြီး သူတို့လာတဲ့ ကားနဲပဲ ပြန်ထွက်သွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
၆၂ လမ်း၊ ၂၄ လမ်းနဲ့ ၂၅ လမ်းကြားက ဂျီဝမ်းဆေးဆိုင်ကို အရပ်ဝတ်နဲ့ အမျိုးသားငါးဦးက ဟစ်ဒါဗစ်ကားအဖြုရောင်နဲ့ ရောက်ရှိလာပြီး ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေကို သေနတ်ပြခြိမ်းခြောက်ပြီး လက်ပြန်ကြိုးတုပ်မှောက်ခိုင်းကာ ဓားပြတိုက်ခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက ဆိုကြပါတယ်။
 
ဓားပြတိုက်မှုတွင် ဆေးဆိုင်အတွင်းမှာ ပစ္စည်းရောင်းရငွေ ကျပ်သိန်း သုံးရာကျော်လောက်အပါအဝင် ရွှေလက်ကောက် ဆယ်ကွင်း၊ ရွှေနားကပ် ခြောက်ရံ၊ ရွှေဘယက်နဲ့ ရွှေတုံး တတုံး ကာလတန်ဖိုး ကျပ်သိန်းရှစ်ရာနီးပါး ပါသွားတယ်လို့ သိရပါတယ်။
 
ဓားပြတိုက်သွားတဲ့ အမျိုးသားငါးဦးက စစ်တပ်သုံး မောင်းပြန်သေနတ် နှစ်လက်နဲ့ ပစ္စတို တလက်ကို ကိုင်ဆောင်ပြီး ခြိမ်းခြောက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
 
ဒါ့အပြင် ဓားပြတိုက်ခံရသည့် ဆေးဆိုင်ဟာ ၆၂ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားတဲ့အတွက် လူစည်းကားတဲ့ နေရာတနေရာဖြစ်သလို စစ်ဆေးမယ်ဆိုပြီး ပြောဆိုလာတဲ့အတွက် အလွယ်တကူ တံခါးကို ဖွင့်လှစ်ပေးခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဒီလ ၁၄ ရက်တုန်းကလည်း ရန်ကုန်-မန္တလေး လမ်းဟောင်း စာတိုးမြို့ပြင်ကြီး ကျေးရွာအုပ်စု စက်ကွေ့ရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ မောင်ဒိန်းရွှေဆိုင်ကို အမည်မသိလက်နက်ကိုင် လူတစုက နေ့ခင်းပိုင်းမှာ ဝင်ရောက်ဓားပြတိုက်ခဲ့ပါသေးတယ်။
 
အဲဒီဓားပြတိုက်မှု ဖြစ်စဉ်မှာ လည်းဆိုင်အတွင်းရှိ လက်ဝတ်ရတနာတွေ ကာလတန်ဖိုး ကျပ်သိန်း ၁၅၀၀ နီးပါး ပါသွားခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ တရားခံတွေကို ဖမ်းဆီးရမိတယ်လို့ မကြားမိသေးဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
မန္တလေးမြို့မှာ လတိုင်းလိုလို အခုလိုပဲ ရွှေဆိုင်တွေအပါအဝင် ငွေကြေးတက်နိုင်တဲ့ အိမ်တွေကို လက်နက်ကိုင်ပြီး ဓားပြတိုက်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
ဓာတ်ပုံ – CJ