ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြိုးစားသူ မြန်မာနိုင်ငံသားမှာ ပြစ်မှုထင်ရှားတယ်လို့ နယူးယောက် တရားရုံး ဆုံးဖြတ်

ဇူလိုင်၊ ၂၅

ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ အားထုတ်မှုအတွက် မြန်မာနိုင်ငံသား တဦးဖြစ်တဲ့ ဖြိုးဟိန်းထွဋ်မှာ ပြစ်မှု ထင်ရှားတယ်လို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

သူ့ကို နယူးယောက် တောင်ပိုင်းခရိုင် တရားရုံးမှာ တရားသူကြီး နယ်လ်ဆန် အက်စ်ရိုမန်က ၈ ရက်ကြာ ကြားနာစစ်ဆေးပြီးတဲ့နောက် ဂျူရီအဖွဲ့က သံသယ တရားခံဟာ ပြစ်မှုထင်ရှားတယ်လို့ လက်ခံ ဆုံးဖြတ်ခဲ့ကြကြောင်း အမေရိကန် တရားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဖြိုးဟိန်းထွဋ်အတွက် ပြစ်ဒဏ်ကိုတော့ လာမယ့်နှစ် မတ်လ ၁၄ ရက်မှာ တရားသူကြီး ရိုမန်ကပဲ စီရင် ချမှတ်သွားမယ်လို့ သိရပါတယ်။ စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာပြည်သူတွေဖက်က ရပ်တည်ဖို့ ရွေးချယ်ခဲ့တဲ့ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ် (သံအမတ်ကြီး) ဦးကျော်မိုးထွန်းကို ထိခိုက် အနာတရဖြစ်အောင်၊ ဒါမှမဟုတ် သေဆုံးအောင် အားထုတ်ဖို့ နယူးယောက်မှာ နေထိုင်သူ မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်က ကြံစည်ခဲ့ကြောင်း တရားရုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ အာဏာသိမ်း မြန်မာစစ်တပ်အတွက် လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ ထိုင်းလက်နက်ပွဲစား တဦးနဲ့ ချိတ်ဆက်ပြီး ဦးကျော်မိုးထွန်း၊ သံရုံးတို့နဲ့ ပတ်သက်တဲ့ အတွင်းရေး သတင်းအချက်အလက်တွေကို အဲဒီ ထိုင်းလက်နက်ပွဲစားဆီ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ပြီးတော့ ဦးကျော်မိုးထွန်းကို လူငှားတိုက်ခိုက် လုပ်ကြံဖို့ ငွေကြေးတွေကိုလည်း အဲဒီ ထိုင်းလက်နက် ပွဲစားဆီကနေတဆင့် ဖြိုးဟိန်းထွဋ်က လက်ခံရရှိခဲ့တယ်လို့ တရားရုံး မှတ်တမ်းတွေမှာ ပါရှိပါတယ်။

အသက် ၂၉ နှစ်အရွယ် ဖြိုးဟိန်းထွဋ်ဟာ အခုအခါမှာတော့ အမေရိကန်မြေမှာ နိုင်ငံခြား အရာရှိ တဦးကို လုပ်ကြံဖို့ အားထုတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ် ခံလိုက်ရပါပြီ။ အဲဒီလုပ်ရပ်အတွက် အမြင့်ဆုံး ပြစ်ဒဏ်က ထောင် ၅ နှစ် ဖြစ်ပါတယ်။

သံသယ တရားခံဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးကို အကာအကွယ်ပေးမယ့် လုံခြုံရေး အဖွဲ့တခုမှာ ဆန္ဒအလျောက် ပါဝင်ခဲ့တယ်ဆိုပြီး တကယ်တမ်းကျတော့ သံအမတ်ကြီးကို အန္တရာယ် ဖြစ်စေမယ့် သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့ကြောင်း၊ သူဟာ ကိုယ်တိုင် ကာကွယ်ပါ့မယ်လို့ ကတိပြုထားသူကို သစ္စာပြန်ဖောက်ခဲ့တာဖြစ်ကြောင်း အမေရိကန် အစိုးရရှေ့နေ ဒါမီယန် ဝီလျံစ်က ပြောပါတယ်။

သူဟာ အခုလို ရာဇဝတ်မှုမြောက်တဲ့ ကြံစည်အားထုတ်မှုကို ထိထိရောက်ရောက် စုံစမ်း ဖော်ထုတ်နိုင်ခဲ့တဲ့ အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ရဲ့ အရာရှိတွေကိုလည်း ချီးကျူးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက် ဦးကျော်မိုးထွန်းက သူဟာ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ပြီး အရပ်သား ဒီမိုကရေစီ အစိုးရကိုသာ ကိုယ်စားပြု ရပ်တည်မယ်လို့ ကုလသမဂ္ဂမှာ ကြေညာခဲ့ပါတယ်။ ဒီအခြေအနေက စစ်တပ်ရဲ့ သံတမန်ရေးရာ လူရာဝင်ဖို့ အားထုတ်မှုတွေကို အကြီးအကျယ် ထိခိုက်သွားစေခဲ့ပါတယ်။

သူ့ကို အာဏာသိမ်း စစ်တပ်က ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အဖြစ်ကနေ ဖယ်ရှားပြီး လူစားထိုးဖို့ အစွမ်ကုန် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်လည်း နယူးယောက်မှာ ဦးကျော်မိုးထွန်း ရုံးထိုင်တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးဟာ အရပ်သား ဒီမိုကရေစီ အစိုးရကိုပဲ ဆက်လက် ကိုယ်စားပြု ရပ်တည်နေဆဲ ဖြစ်ပါတယ်။

 

Ref: US DOJ