ဇူလိုင်၊ ၂၄
စစ်ကောင်စီက နှစ်သောင်းတန်ငွေစက္ကူသစ်ထုတ်ဝေမယ်လို့ ဇူလိုင်လ ၂၃ ရက်မနေ့က ကြေညာပြီးနောက် ရွှေနဲ့ အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေစျေးကွက်ဟာ ဒီကနေ့မှာလည်းဆက်က်လက်မြင့်တက်နေဆဲဖြစ်ပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA ) ရဲ့ ဇူလိုင်လ ၂၄ ရက်ဒီနေ့ ထုတ်ပြန်ချက်မှာ တော့ ကမ္ဘာရွှေ တအောင်စကို ၁,၉၆ဝဒေါ်လာ ရှိပြီး အကယ်ဒမီ မီးလင်းရွှေဈေး အခြေခံရည်ညွှန်းဈေးးက တကျပ်သားကို ၂, ၃၁၂,၆၀၀ ကျပ်ဖြစ်တယ်လို့သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာ ပြည်တွင်း ရွှေဈေး အခေါက်ရွှေတကျပ်သားကို ၃,၆၁၀,၀၀၀ အထိပေါက်ကြေးရှိနေပြီး ၁၅ ပဲရည်တကျပ်သားကို ၃,၄၂၀,၀၀၀ အထိပေါက်ဈေးရှိနေပေမယ့်အရောင်းအဝယ်မလုပ်ကြသေးဘူးလို့လည်း ရန်ကုန်က ရွှေလုပ်ငန်းရှင်အချို့ ကပြောပါတယ်။
“ ဈေးတန်းတော့ဖွင့်ထားတယ် အရောင်းအဝယ်မလုပ်ကြပါဘူး” လို့ရန်ကုန်က ရွှေကုန်သည်တဦးကေ ပြာပါတယ်။
ရွှေဆိုင်ကြီးအများစုအရောင်းအဝယ်ပိတ်ထားပေမယ့် အချို့ရွှေဆိုင်တွေက အကန့်အသတ်နဲ့ ရောင်းချတာရှိသလို အများစုကတော့ အဝယ်ကိုတော့ အကန့်အသတ်မရှိလက်ခံတယ်လို့လည်း ရွှေဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။
“ဒီနေ့ဈေးတန်းလေးမသိရသေးပါဘူး မဖွင့်သေးပါဘူးရှင့် မနေ့ကတည်းကပိတ်ထားတာ ဘယ်နေ့ပြန်ဖွင့်မလည်းတော့မသိဘူး အဝယ်တော့လက်ခံပါတယ် ဆိုင်မှာကိုယ်တိုင်လာရောင်းတဲ့သူတွေကိုပဲ လက်ခံပါတယ် “လို့ နေပြည်တော်က ရွှေကုန်သည်တဦးက ပြောပါတယ်။
လက်ရှိမှာတော့၁၆ ပဲရည်အပြည့် အခေါက်ရွှေကို ရွှေဆိုင်အားလုံးနီးပါး အရောင်း၊ဝယ် ရပ်ထားကြသလို ဆိုင်အချို့လည်း ကြိုက်ရောင်းကြိုက်ဝယ် အရောင်းအဝယ် လုပ်နေကြတဲ့အခြေနေရှိနေကြတယ်လို့ ရွှေကုန်သည်တွေဆီကသိရပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်ကြီးများ အသင်း YGEA ကတော့ နှစ်သောင်းကျပ်တန် ငွေစက္ကူထုတ်ဝေတာနဲ့ပတ်သတ်ပြီး ကောလဟာလတွေထုတ်လွှင့်ပြီး ကုန်ဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန်ဆောင်ရွက်တာ၊ ရွှေဈေးနှုန်း တည်ငြိမ်မှုမရှိအောင် ရောင်းဝယ်ဆောင်ရွက်တာမလုုုပ်ဖို့ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အမေရိကန် ဒေါ်လာဈေးနှုန်းကတော့ တဒေါ်လာကို ၃,၄၄၄ကျပ်အထိအရောင်းစျေးဖွင့်ထားသလို ၊ ထိုင်ငွေတဘတ်ကို တရာ ကျပ်၊စင်ကာပူ တဒေါ်လာ ၂,၅၇၈ကို ကျပ်အထိဈေးတန်းအမြင့်ဖွင့်ထားတယ်လို့လည်းသိရပါတယ်။
ဒါပေမယ့် အဝယ်စျေးကွက်မှာတော့ အမေရိကန်တဒေါ်လာကို ၃,၂၁၉ ကျပ်၊ ထိုင်းတဘတ်ကို ၉၃ ဒဿမ ၄၆ ကျပ်နဲ့ စင်ကာပူတဒေါ်လာကို ၂,၄၁၈ ကျပ် စျေးကွက်ဖွင့်ထားပေမယ့် တချို့နေရာတွေမှာကြိုက်ရောင်း၊ကြိုက်ဝယ်ဖြစ်နေတယ်လို့လည်းဆိုကြပါတယ်။