ကန်ပက်လက်မှာ စစ်ကောင်စီစစ်ကြောင်းနှစ်ခုနဲ့ ကာကွယ်ရေးပူးပေါင်းတပ် တိုက်ပွဲဆက်တိုက်ဖြစ်နေ

ဇူလိုင်၊ ၂၄

ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့နယ်အတွင်းမှာ စုစုပေါင်း အင်အား လေးရာကျော်ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခု တပြိုင်တည်းလှုပ်ရှားနေတာကြောင့် တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတယ်လို့ အဲ့ဒီမြို့နယ် ပြည် သူ့အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။

အဲ့ဒီလို စစ်ကြောင်းနှစ်ခုနဲ့ တိုက်ပွဲတွေတပြိုင်တည်းဖြစ်နေတာကြောင့် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ လိုအပ်ချက်တွေများနေတယ်လို့ သူကပြောပါတယ်။

မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်တဲ့အပြင် နေ့စဉ် မဖြစ်မနေသုံးစွဲနေရတဲ့ စက်သုံးဆီကိုတောင် အကြွေးနဲ့ ဝယ်ယူသုံးစွဲနေရတယ်လို့ CDF-Kanpetlet (ခေါ်နူးတပ်ရင်း)ကလည်း အသိပေးထားပါတယ်။

ချင်းကာကွယ်ရေးတပ် CDF ကန်ပက်လက်အပါအဝင် ကာကွယ်ရေးပူးပေါင်းတပ်တွေဟာ မကွေးတိုင်း ဆော ဘက်ကလာတဲ့ အင်အား ၁၅၀ဝန်းကျင်ပါ စစ်ကြောင်းတခုနဲ့ ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းမှာတိုက်ပွဲဖြစ် နေသလို လောင်းရှည်ဘက်ကလာတဲ့ အင်အား သုံးရာကျော်ပါစစ်ကြောင်းနဲ့လည်းမြို့နယ်တောင်ပိုင်းမှာ တိုက်ပွဲ တွေဖြစ်နေတာပါ။

ဆောဘက်က လာတဲ့ စစ်ကြောင်းဟာ ကန်ပက်လက်မြို့နယ်အတွင်း အခြေချနေတဲ့ စစ်အုပ်စုနဲ့ တပ်ချိန်းဖို့ လာတဲ့ စစ်ကြောင်းဖြစ်ပြီး အဲ့ဒီလမ်းကြောင်းမှာ တပ်ချိန်းလာတဲ့ စစ်အုပ်စုနဲ့ အသွားအပြန်တိုက်ပွဲတွေဖြစ် နေ တာလို့ CDF ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။

လောင်းရှည်ဘက်ကလာတဲ့ အင်အားသုံးရာကျော်ပါစစ်ကြောင်းကတော့ ဇူလိုင် ၁၄ရက်ကစလို့ကန်ပက်လက်နယ် ကျင်ဒွေးဘက်ကို ရိက္ခာပို့ဖို့လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီစစ်ကြောင်းနဲ့လည်း စစ်ကြောင်းထိုး လာတဲ့ လမ်းကြောင်း တလျှောက်တိုက်ပွဲတွေဖြစ်နေတာပါ။

မကွေးတိုင်း လောင်းရှည်ဒေသနဲ့ ကန်ပက်လက်မြို့နယ် ကျင်ဒွေးရွာတို့ဟာ တရက်ခရီးသာ အကွာအဝေးရှိပေမယ့် ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် လက်ရှိဆယ်ရက်ကြာတဲ့အထိ စစ်ကောင်စီစစ်ကြောင်းဟာ ခရီးတဝက်လောက်ပဲ ရောက်ပါသေးတယ်။

ဒီကနေ့မနက်ပိုင်းကလည်း ကန်ပက်လက်မြို့နယ် တောင်ဘက်က လှိုင်ဒုတ်ရွာအနီးနဲ့ ကန်ပက်လက်မြို့နယ် လေယာဉ်ကွင်း အနီးနှစ်နေရာမှာ တိုက်ပွဲတွေဖြစ်ခဲ့သေးတယ်လို့ CDF ကန်ပက်လက်က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးကာ ပူးပေါင်းတပ်တွေဘက်ကတော့ တဦးကျဆုံးပြီး ငါးဦး မစိုးရိမ်ရဒဏ်ရာတွေရထားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မနေ့ကနေ့လယ်ပိုင်းကလည်း ကန်ပက်လက်မြို့ကနေ တပ်ချိန်းပြီးပြန်ထွက်လာတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ငါးဦးသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ် လို့ဆို ပါတယ်။

မနေ့က တိုက်ပွဲမှာ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိပေမယ့် စစ်ကောင်စီတပ်တွေ ထောင်ခဲ့တဲ့ မိုင်းကိုနင်းမိလို့ ဒေသခံတဦး သေဆုံးခဲ့ရတယ်လို့ CDF ကန်ပက်လက်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေကြောင့် ကန်ပက်လက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၁၂ ရွာက ဒေသခံ သုံးထောင်ကျော် အရေးပေါ်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံတော်လှန် ရေး အင်အားစုတွေကပြောပါတယ်။

နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေတဲ့ကာလအတွင်း ဇူလိုင် ၁၈ရက်မှာ ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်းအစပ်က မဆာတွီရွာကိုစစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ခရစ်ယာန်ဘုရားကျောင်းတကျောင်းနဲ့ လူ နေအိမ်ခုနစ်လုံး ပျက်စီးခဲ့ပါတယ်။