နိုင်ငံကူးလက်မှတ် မြန်မြန်ဆန်ဆန် သက်တမ်းတိုးပေးဖို့ မလေးရှားရောက်မြန်မာလုပ်သားတွေပြော

ဇူလိုင် – ၂၄

မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် ဒဏ်ကြေးတိုးမြှင့်ကောက်ခံမယ်ဆိုရင် နိုင်ငံကူးလက်မှတ်တွေကို မြန်မြန်ဆန်ဆန်သက်တမ်းတိုးရအောင် ပြုလုပ်ပေးသင့်တယ်လို့ မလေးရှားရောက် မြန်မာရွေ့ပြောင်းအလုပ်သမားရေး ကူညီဆောင်ရွက်နေကြသူတွေနဲ့ လုပ်သားတွေက ပြောပါတယ်။

“ တကယ်က ရင်းဂစ် ၁၅၀ လောက်တိုးပြီးကောက်တာက ရယ်စရာလိုဖြစ်နေတယ်။ ကျွန်တော်တို့ အလုပ်သမားတွေက အခု ပတ်စ်ပို့ သက်တမ်းတိုးနိုင်ဖို့အတွက် ကြားလူတွေကို ရင်းဂစ် နှစ်ထောင် ၊သုံးထောင်လောက်ပေးပြီးလုပ်နေရတာ။ ဒါတောင်မှ မရလို့ အဆင်မပြေလို့ အို ဖြစ်သွားတဲ့သူတွေ မနည်းဘူး ” လို့ အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူ ကိုမှိုင်းမျိုးဆက် က DNA ကိုပြောပါတယ်။

 မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှာရှိတဲ့ မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် ဒဏ်ကြေးကို မလေးရှားငွေရင်းဂစ် ၃၃၀ ကနေ ၄၈၀ ကိုတိုးမြှင့်ကောက်ခံသွားမှာဖြစ်ကြောင်း ဇူလိုင်လ ၂၄ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပြီးနောက် လုပ်သားတွေက အခုလိုပြောဆိုကြတာပါ။

လက်ရှိအချိန်မှာ ၂၀၂၃ ခုနှစ်မှာ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးမယ့် မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၄ ခုနှစ်မှ သက်တမ်းတိုးပြုလုပ်နိုင်မယ့် အခြေအနေဖြစ်နေပါတယ်လို့လည်း ဆိုကြပါတယ်။ “ ကျွန်တော်က ဒီလာမယ့် ၈ လပိုင်းထဲမှာ ပတ်စ်ပို့ သေမှာဆိုတော့ ဇွန်လကုန်လောက်ကတည်းက သက်တမ်းတိုးဖို့လုပ်တယ်။ ဒါပေမယ့် ကျွန်တော်ရတဲ့ တုံကင်မှာက ၂၀၂၄ ခုနှစ်၊ ၄ လပိုင်းမှရမယ်ဆိုတော့ ပွဲစားတွေနဲ့လုပ်ရတယ်။ အခု နှစ်ထောင်ကုန်ထားပြီ ရမယ်၊ မရမယ် မသေချာသေးဘူး။ ကျွန်တော်ကတော့ တိုးမယ်ဆိုလည်း တကယ်သာ ပတ်စ်ပို့ကို မြန်မြန်ဆန်ဆန်ရရှိနိုင်မယ်ဆိုရင် ၁၅၀ မဟုတ်ဘူး ၁၅၀၀ ဆိုလည်းရတယ်။ ပေးတယ် ” လို့ ဆောက်လုပ်ရေး ကုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုဖြိုးလေးက ပြောပါတယ်။

စစ်တပ်ကအာဏာမသိမ်းခင်က ယခုလိုအခြေအနေမျိုး လုံးဝမရှိသလို အဓိက ပြည်ပနိုင်ငံတွေမှာ နေထိုင်ရသူတွေအတွက် အရေးကြီးတဲ့ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး အဆင်ပြေခဲ့တယ်လို့ မြန်မာရွေ့ပြောင်းအလုပ်သမားရေး ကူညီဆောင်ရွက်နေကြသူတွေက ဆိုပါတယ်။

 နိုင်ငံကူးလက်မှတ်ကို သက်တမ်းမတိုးနိုင်ရင် အလုပ်လုပ်ကိုင်ခွင့် ပါမစ်တွေကို သက်တမ်းမတိုးနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် တရားဝင် အလုပ်လာရောက်လုပ်ကိုင်နေပြီး လိုအပ်တာတွေကို အချိန်မှီလုပ်ဆောင်မှုတွေရှိနေပေမယ့် တရားမဝင် အလုပ်သမားအဖြစ်ကို ရောက်ရှိနေကြတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ နိုင်ငံရေး လှုပ်ရှားမှုကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့ မလေးရှာရောက်မြန်မာသုံးဦးရဲ့ နိုင်ငံကူးလက်မှတ်တွေကို သံရုံးဘက်က ပိတ်သိမ်းထားသလို အကြောင်းပြချက်မရှိဘဲ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်မပြုထားတဲ့သူတွေလည်း ရာနဲ့ချီရှိနေတယ်လို့ သိရပါတယ်။