ယမ်းငွေ့တွေကြားက ဂီတဗိမာန်

ဇူလိုင်၊ ၂၄
 
“ ကျောင်းမတက်ရပါ၊ တယောသင်တန်း တက်နေပါသည် ”တဲ့….။
 
ဆယ်ကျော်သက် ကျောင်းသား လူငယ်တဦး သူ့ကိုယ်ပိုင် လက်ရေးနဲ့ ရေးသားဖြည့်စွက်ထားတဲ့ ပုံစံစာရွက်လေး တခု..။ ဒီစာရွက်လေးထဲမှာ အနာဂတ်တွေ ပါတယ်၊ မျှော်လင့်ချက်တွေ ပါတယ်။
 
သင်တန်း ပြီးမြောက်အောင် သင်ယူပြီးတဲ့အခါ မသင်ရသေးတဲ့ ကလေးတွေကို တတ်နိုင်သမျှ ပြန်သင်ပေးမယ်လို့ သူ့ရည်မှန်းချက်ကို အဲ့ဒီကလေးက ဆက်ရေးထားပါတယ်။
 
ကိုးတန်း ကျောင်းသားအရွယ် အဲ့ဒီဆယ်ကျော်သက်လူငယ်ဟာ ကရင်နီ ဒေသ ဒီးမော့ဆို မြို့နယ်ထဲက ဒေသခံက လေးတဦး ဖြစ်ပါတယ်။ သူဟာ ကိုးတန်းကျောင်းသားဘဝနဲ့ ပညာရေး ရပ်ထားရသူလည်း ဖြစ်တယ်။
 
ဘာကြောင့်များလဲလို့တော့ သိပ်ထွေထွေထူးထူး စဉ်းစားနေဖို့ လိုမယ်မထင်ပါဘူး။ ဒီးမော့ဆို ဆိုတာနဲ့ ရိပ်မိကြလောက်တယ် မဟုတ်လား။ ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမြို့တော် လွိုင်ကော်နဲ့ ဆယ်မိုင်ဝန်းကျင်သာ ဝေးတဲ့ ဒီးမော့ဆိုဟာ စစ်တလင်းပြင် ဖြစ်နေတာ ကြာခဲ့ပြီ။
 
သူတို့ဒေသမှာ စစ်မီး ဟုန်းဟုန်းတောက်နေခဲ့တာ နှစ်နှစ်ကျော်ရောပေါ့။ ဒီ့မတိုင်ခင်ကလည်း ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ထားတာမျိုးနဲ့ သူကြုံခဲ့ရသေးတယ်။
 
အသက်မပျောက်ဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားရုန်းကန် ရှင်သန်နေကြရတဲ့ သူအပါအဝင် ကလေးတသိုက်ဟာ အနာဂတ်တွေတော့ ပျောက်နေခဲ့ကြရ..။
 
အခုတော့ သူအပါအဝင် တခြား ဘဝတူ ကလေးတစုအတွက် အနာဂတ် ခပ်ရေးရေးလေး၊ ဒါ မှမဟုတ် လောလောလတ်လတ် ကြောက်ရွံ့ထိတ်လန့်စရာ အခြေအနေတွေ၊ စိုးရိမ်ပူပန်မှုတွေကနေ လွတ်မြောက်ခွင့်ရတဲ့ အိုအေစစ် ကမ္ဘာငယ်လေးတခု ရှိနေပါတယ်။
 
“ ကျွန်တော် ကီးဘုတ်တီးရတော့မယ်ဆိုတော့ အရမ်းပျော်သွားတယ်၊ တခြား ဂီတတွေထက် ကီးဘုတ်တီးနေရတဲ့ အချိန်က ကျွန်တော့်အတွက် အရမ်းလွတ်လပ်တယ်၊ စိတ်ညစ်စရာတွေကို မေ့သွားတယ်၊ ဒါကြောင့် ကျွန်တော်သိတယ်၊ ကီးဘုတ်တီးနေရင် ပျော်ရမယ်ဆိုတာကိုပေါ့ “ လို့ နောက်ထပ်ဆယ်ကျော်သက် တဦးဖြစ်တဲ့ မောင်စိုင်းနောင် (အမည်လွှဲ)က ပြောပါတယ်။
 
တီးဝိုင်းတခုခုမှာ ပါဝင်တီးခတ်ခွင့် ရဖို့ဟာ သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့လည်း မောင်စိုင်းနောင်က ပြောပါတယ်။
 
သေနတ်သံ ဗုံးသံတွေ မရှိတဲ့အခါ အဲ့ဒီကလေးတသိုက်ဟာ တူရိယာတွေနဲ့ ဂီတသံစဉ်တွေကြားမှာ သောကတွေကနေ လွတ်မြောက်မှုကို ရှာဖွေကြတယ်။ သူတို့ရဲ့ အနာဂတ်တွေကို ပြန်လည်ရှာဖွေကြပါတယ်။
 
သူတို့ဟာ ကရင်နီစစ်ရှောင်စခန်း တခုမှာ နေထိုင်ကြတဲ့ ဒေသခံ စစ်ရှောင်မိသားစုဝင်တွေရဲ့ ကလေးတွေပါ။
 
သူတို့ရဲ့ အိုအေစစ်ကမ္ဘာငယ်ကတော့ Htel Phoe Music Learning Center လို့ အမည်ရပါတယ်။ ဒေသခံကရင် တိုင်းရင်းသူတဦးဖြစ်တဲ့ မမော်ဖရေမြာက ဒီကမ္ဘာငယ်ကို ကလေးတွေအတွက် စတင်ဖန်တီးခဲ့တာပါ။
 
“ မြို့ပေါ်က ကလေးတွေနဲ့ ယှဉ်ရင် ဒီက ကလေးတွေက ပညာရေးအပိုင်းမှာ အဖက်ဖက်က ချို့ယွင်းနေတာ ” လို့ ဂီတသင်တန်းဆရာမ မော်ဖရေမြာက ပြောပါတယ်။
 
သူ့ရဲ့ ဂီတသင်တန်းကျောင်းဟာ လက်နက်ကိုင် ပဋိပက္ခတွေကြားက ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ပြောပါတယ်။
 
“ သူတို့အတွက် ဘာလုပ်နိုင်တယ်၊ ဘာလုပ်ပြနိုင်တယ်၊ သူတို့ ပျော်ရွှင်မှုက ဘာလဲလို့ မေးလာရင် သူတို့က တယောတီးနိုင်တယ်၊ ဂစ်တာတီးတတ်တယ်၊ သီချင်းဆိုနိုင်တယ်ဆိုတာ ယုံကြည်ချက်ရှိရှိ ပြောနိုင်ဖို့ ရည်ရွယ်တာ ” လို့ သူက ဆိုပါတယ်။
 
သူဦးဆောင်ဖွင့်လှစ်ထားတဲ့ အဲ့ဒီဂီတသင်တန်းကျောင်းမှာ နီးစပ်ရာ စစ်ရှောင်မိသားစုတွေထဲက ဂီတဝါသနာပါတဲ့ အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်ကြား ကလေးတွေ၊ လူငယ်တွေကို တယောထိုးနည်း၊ ဂီတာ တီးနည်းနဲ့ ကီးဘုတ်တီးနည်းတွေ သင်ပေးနေတာပါ။
 
သင်တန်းကျောင်းမှာ ဆရာနှစ်ယောက်က ဦးဆောင်ပြီး သူတို့မှာရှိနေတဲ့ တူရိယာတွေကို တီးခတ်နိုင်ဖို့၊ ဂီတသံစဉ်တွေ ဖန်တီးနိုင်ဖို့ တနေ့နှစ်နာရီနှုန်းနဲ့ တပတ်ငါးရက် သင်ပေးပါတယ်။
 
ဒါပေမယ့် လက်ရှိမှာတော့ သင်တန်းကျောင်းမှာ အသုံးပြုတဲ့ တူရီယာပစ္စည်းတွေ လုံလောက်မှု မရှိသေးတဲ့အတွက် သင်တန်းအပတ်စဉ်တခုကို ကျောင်းသားဦးရေ ၂၀ ဦး ထိပဲ လက်ခံရတယ်လို့ ဆရာမ မော်ဖရေမြာက ပြောပါတယ်။
 
သင်တန်းကျောင်းဆိုပေမယ့် ပဋိပက္ခဒေသတွေရဲ့ ထုံးစံအတိုင်း တာလပတ်မိုး၊ ဒေသထွက် သစ်၊ ဝါးတွေ စိုက်ထူထားတဲ့ အကာအရံမဲ့ နေရာ၊ တခါတရံ ကျောင်းစာသင်ခန်းလို နေရာတွေဟာ သူတို့အတွက် ဂီတနဲ့ မွေ့လျော်ရာ ဘုံဗိမာန်တွေ ဖြစ်ပါတယ်။
 
ဒါပေမယ့် ဒီဘုံဗိမာန်ကို အချိန်မှန်မှန် ပိုင်ဆိုင်ခွင့်ရဖို့ ဆိုတာကလည်း သူတို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ စိန်ခေါ်မှုတခု အဖြစ် ရှိနေပါတယ်။
 
စစ်ရှောင်နေရတာကြောင့် တခြားပုံမှန် ဖြတ်သန်းမှုတွေကို ဆုံးရှုံးနေရတဲ့ စစ်ရှောင်ကလေးတွေဟာ စားနပ်ရိက္ခာ အတွက်တော့ မိဘတွေရဲ့တောင်ယာလုပ်ငန်းခွင်မှာ တတ်နိုင်သမျှ ကူညီကြရပါသေးတယ်။
 
မိသားစုကိစ္စတွေပြီးလို့ ညနေပိုင်း နာရီပိုင်းကြာ အချိန်ကလေးကမှ ဂီတနဲ့ မွေ့လျော်ဖို့ အချိန်ပါ။ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်မှုနဲ့ လေကြောင်းက တိုက်ခိုက်နိုင်တဲ့ အန္တရာယ်သတိပေးချက်တွေ မရှိဘူး ဆိုရင်ပေါ့။
 
“ ညကျတော့ သင်မရဘူး၊ မီးထွန်းလို့ မရလို့ပါ၊ ရွာက လူကြီးတွေကလည်း မီးမထွန်းခိုင်းဘူး၊ မီးမြင်ရင် စစ်တပ်က လေယာဉ်နဲ့ လာပစ်မှာဆိုးလို့ ညဖက်ကျ သင်လို့မရဘူး ” လို့ မောင်စိုင်းနောင်က ပြောပြပါတယ်။
 
စစ်ကောင်စီက စစ်ကြောင်းထိုးလာတာနဲ့ စစ်ရှောင် စခန်းနဲ့ နီးကပ်တဲ့နေရာတွေမှာ တိုက်ပွဲဖြစ်တာမျိုးတွေကြောင့် စခန်းတခုလုံး ရွှေ့ပြောင်းကြတဲ့ အခါမှာတော့ သူတို့သင်တန်းကျောင်းကလေးလည်း အထိုင်ပျက်သွားရပြန်ပါတယ်။
 
မောင်စိုင်းနောင်နည်းတူ ကိုနော်ခ (နာမည်လွဲ) ကလည်း ဂီတသင်တန်းကျောင်းမှာ ဂစ်တာတီးနည်း သင်တန်းတက်နေတာ နှစ်လလောက်ရှိပါပြီ။ သူက ဂစ်တာတီးတတ်သွားတယ်ဆိုရင် နောက်လူတွေကိုလည်း သူ့လိုပဲ တီးတတ်အောင် သင်ပေးချင်တယ်လို့ ပြောပါတယ်။
 
ဂီတာနဲ့ ပက်သက်ပြီး ဝါသနာပါလာတဲ့အတွက် သူရဲ့ ပညာရေးကိုတောင် ဆက်မသင်တော့ဘဲ ဂီတကိုပဲ ဆက်လက်သင်ယူဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းလည်း သူကပြောပြပါတယ်။
 
“ ကျောင်းကို ဆက်မတက်ချင်တော့ဘူး၊ အခုက ကျောင်းတက်ရတာလည်း မကောင်းဘူး၊ ဂစ်တာတီး သင်ရတာ ပျော်တယ်၊ ကျွန်တော့်လိုပဲ မတတ်သေးတဲ့ သူတွေကို သင်ပေးချင်တယ်၊ ကိုယ်ပိုင်ဂစ်တာလည်း ဝယ်ချင်သေးတယ် “ လို့ ကိုနော်ခက ဆိုပါတယ်။
 
Htel Phoe Music Learning Center မှာ တက်ရောက်နေကြတဲ့ကလေးတွေကို သင်တန်း အပတ်စဉ် တခုအတွက် သုံးလအဖြစ် ကာလ သတ်မှတ်သင်ကြားပေးနေတာပါ။ အပတ်စဉ်တခု သင်ကြားတတ်မြောက်ပြီးသွားတိုင်း ဒီသင်တန်းကျောင်းမှာ စီနီယာဖြစ်လာပြီး နောက်တဆင့် ဆက်လက်သင်ကြားနိုင်မှာ ဖြစ်ပါတယ်။
 
စစ်တပ်က အာဏာသိမ်းအပြီး တနှစ်လောက်အကြာမှာ ဒီသင်တန်းကို အကောင်အထည်ဖော်ခဲ့တာဖြစ်လို့ အခုဆိုရင် တနှစ်ခွဲလောက် ရှိနေပါပြီ။ ဒီကာလအတွင်း ဒေသခံ ကလေးငယ် ရှစ်ဆယ် ကျော်လောက်ကို သူတို့ဝါသနာပါရာ ဂီတတူရိယာကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်ဖို့ သင်ကြားပေးနိုင်ခဲ့တယ်လို့ ဆရာမ မော်ဖရေမြာက ပြောပါတယ်။
 
“ ကလေးတွေက လူငယ်လည်း မဟုတ်တဲ့အတွက် မိဘဆီကလည်း ထွက်သွားလို့ မရဘူးပေါ့နော်။ ပညာရေးအရ ကြည့်ရင်လည်း လုံခြုံရေးအရ အဖက်ဖက်က ခက်ခဲတယ် သူတို့မှာ တခြားရွေးချယ်ပိုင်ခွင့် မရှိဘူး ” လို့ သူကပြောပါတယ်။
 
သူ့ရဲ့သင်တန်းကျောင်းကနေ တတ်မြောက်ကျွမ်းကျင်သွားတဲ့ ကလေးတွေဟာ နောက်ထပ် ပိုမိုကောင်းမွန်တဲ့ ဂီတကျောင်းတွေမှာ တက်ရောက်သင်ကြားခွင့်ရဖို့လည်း ဆရာမ မော်ဖရေမြာက မျှော်လင့်နေပါတယ်။
 
သင်တန်းကျောင်းနဲ့ပတ်သက်လို့ သူ့ရဲ့အဓိက ရည်ရွယ်ချက်တွေဖြစ်တဲ့ ကလေးတွေရဲ့စိတ်ဒဏ်ရာတွေကို ကုစားပေးနိုင်ဖို့၊ အနာဂတ်မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန်လာဖို့ ဆိုတာတွေလည်း အတိုင်းအတာတခုအထိ အောင်မြင်တယ်လို့ သူက ယူဆနေပါတယ်။
 
သင်တန်းတက်ရောက်ပြီး နောက်ပိုင်းမှာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို တွေ့မြင်လာရတယ်လို့ ဆိုပါတယ်။
 
“ သူတို့က ဆရာမ ဘာဆက်လုပ်လို့ရမလဲ ဆိုတာမျိုး မေးလာကြတာ ရှိတယ်၊ သူတို့ မျှော်လင့်ချက်တွေ ပြန်ရှိလာတာပေါ့နော်၊ နောက်ပြီး ကျွမ်းကျင်မှု အပိုင်းတွေလည်း တိုးတက်လာတယ် သူတို့ ကိုယ်ပိုင်သီချင်းတွေကို ရေးလာကြတယ် ” လို့ ပြောပြပါတယ်။
 
အဲ့ဒီလို မျှော်မှန်းတဲ့အတိုင်း အောင်မြင်တဲ့ အခြေအနေတွေ ရှိပေမယ့် သူ့ရဲ့သင်တန်းမှာ သင်တန်းသားဦးရေ တိုးချဲ့ လက်ခံပေးဖို့ကိုတော့ သင်ထောက်ကူပစ္စည်း လိုအပ်ချက်ကြောင့် ကြိုးစားရဦးမယ်လို့လည်း ဆရာမ မော်ဖရေမြာက ပြောပါတယ်။
 
Htel Phoe Music Learning Center ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားတဲ့ post တခုဟာ ဆရာမ မော်မရေမြာရဲ့ စိတ်ကူးရည်ရွယ်ချက်တွေကို ပြောပြနေပါတယ်။
 
“ အုန်း၊ ဒိုင်း၊ ရွှီး ဆိုတဲ့ အသံတွေအစား ဒီဂီတသံလေးကို သူတို့ တောင့်တတတ်တယ်၊ စိတ်ညစ်တဲ့အခါ ဂီတအသံလေးနဲ့ ကခုန်ကြတယ်၊ အားပေးသံအတွက် ဂီတကို နားဆင်ကြတယ်၊ ခန္ဓာကိုယ် မလွတ်မြောက်နိုင်သေးတဲ့ အခိုက်အတန့် မှာ ဂီတက စိတ်ကို လွတ်မြောက်စေနိုင်တယ် ”