မော်စကို လူနေဧရိယာထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစွပ်စွဲ

ဇူလိုင်၊ ၂၄

မော်စကိုမြို့တော်ထဲထိ ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၄ ရက် မနက်အစောပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် မြို့ထဲက လူမနေတဲ့ အဆောက်အအုံ ၂ ခုမှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရုရှား အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမဲ့ အသေအပျောက်တော့ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

မော်စကိုရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ ရန်သူ့ဒရုန်း နှစ်စီးကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီထဲက တစ်စင်းဟာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံနားမှာ ပျက်ကျခဲ့ကြောင်း အစိုးရပိုင် Tass သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းကတော့ မော်စကိုမှာ ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်ဆိုတဲ့ ရုရှား စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဝန်ခံတာ၊ ငြင်းဆန်တာ ဘာမှ မရှိသေးဘဲ နှုတ်ဆိတ်နေပါတယ်။

ယူကရိန်းဟာ လူနေ ဧရိယာတွေထဲမှာ ဒရုန်းတွေကို အသုံးပြုပြီး အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စွပ်စွဲပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ ရုရှားဟာ ယူကရိန်း မြို့တော်တော်များများက လူနေထူထပ်ရာ ဧရိယာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ဖြစ်ပါတယ်။

မျက်မြင်တွေရဲ့ အဆိုအရ မော်စကိုမှာ ရုံးခန်းအများအပြား ဖွင့်လှစ်ထားရာ လီခါချက်ဗ် ကွန်ဒို အဆောက်အအုံမြင့်ကြီးမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး အနီးတဝိုက်မှာ ယာဉ်ကြော သွားလာမှုတွေကိုလည်း နာရီပိုင်းလောက် ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

ရုရှားက အခုလ အစောပိုင်းမှာ ယူကရိန်းရဲ့ ဒရုန်းတစီး နှောင့်ယှက်မှုကြောင့် မော်စကိုက ဗီနူကိုဗို လေဆိပ်မှာ လေယာဉ် အဆင်းအတက် ကိစ္စတွေ အရှုပ်အထွေး ဖြစ်ကုန်တယ်လို့ စွပ်စွဲဖူးပါတယ်။ ဒါပေမဲ့ ယူကရိန်းကတော့ အဲဒီ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ဝန်ခံထားတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ယူကရိန်းရဲ့ အိုဒက်ဆာ မြို့ထဲမှာရှိတဲ့ သမိုင်းဝင် ခရစ်ယာန် ဘုရားကျောင်းကြီး တခုဟာ ရုရှား ဒုံးကျည် တိုက်ခိုက်မှုတွေကြောင့် ထိခိုက် ပျက်စီးခဲ့ပါတယ်။ ယူကရိန်း အစိုးရက အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိထိရောက်ရောက် လက်တုံ့ပြန်မယ်လို့ သတိပေး ပြောဆိုထားပါတယ်။

 

Ref: BBC