လက်စတာ တောင်ပံလူ ဘန်းစ်ကို နယူးကာဆယ် စာချုပ်ခေါ်ယူ

ဇူလိုင်၊ ၂၄

နယူးကာဆယ် ယူနိုက်တက် အသင်းဟာ တောင်ပံတိုက်စစ်သမား ဟာဗေးဘန်းစ်ကို လက်စတာ စီးတီးဆီကနေ စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်အရွယ် ဘန်းစ်ဟာ တန်းဆင်းသွားတဲ့ လက်စတာကို စွန့်ခွာပြီး လာမယ့်ရာသီ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့ နယူးကာဆယ်ဆီ ကူးပြောင်းပြီး ၅ နှစ်သက်တမ်း စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ၁ ကြိမ် ကိုယ်စားပြုဖူးတဲ့ ဘန်းစ်အတွက် နယူးကာဆယ်က လက်စတာဆီ စတာလင်ပေါင် ၃၈ သန်း ပြောင်းရွှေ့ကြေး ပေးချေခဲ့ပါတယ်။

နယူးကာဆယ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့ စျေးကွက်မှာ တိုက်စစ်မှူး ယာကူဘူ မင်းတက်ချ်နဲ့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီတို့ နှစ်ဦးကိုလည်း အားဖြည့် ခေါ်ယူထားပြီး ဖြစ်ပါတယ်။

နယူးကာဆယ်လို အသင်းမျိုးဟာ တိုက်စစ် ကစားသမားတိုင်းရဲ့ အိပ်မက် ဖြစ်မယ်လို့ သူယုံကြည်ကြောင်း၊ နယူးကာဆယ်နဲ့အတူ ခမ်းနားတဲ့၊ ထူးခြားတဲ့ အမှတ်တရတွေ ပိုင်ဆိုင်လာဖို့ မျှော်လင့်ရင်း အရမ်း စိတ်လှုပ်ရှားနေမိကြောင်း ဘန်းစ်က ပြောပါတယ်။

နယူးကာဆယ်ဟာ အသင်းကနေ ထွက်ခွာတော့မယ့် တောင်ပံတိုက်စစ်မှူး အလန် စိန့်မက်ဆီမန်ရဲ့ နေရာမှာ တိုက်ရိုက် အစားထိုးဖို့ ဘန်းစ်ကို ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် စိန့်မက်ဆီမန်ဟာ ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်အာလီ အသင်းဆီ စတာလင်ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီး နယူးကာဆယ်ရော၊ အယ်လ်အာလီပါ ဆော်ဒီရဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုကြီး PIF လက်အောက်မှာ ရှိနေကြောင်း သိရပါတယ်။  

 

Ref: BBC