မင်းအောင်လှိုင်တည်နေတဲ့ ဘုရားအတွက် လုပ်ငန်းရှင်တွေက ကျပ် ၁၇ ဘီလီယံကျော်ထပ်လှူ

ဇူလိုင်၊ ၂၄
 
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး နေပြည်တော်မှာ တည်ထားနေတဲ့ မာရဝိဇယစေတီတော် အတွက် လုပ်ငန်းရှင်တွေဆီက အလှူငွေ ကျပ် ၁၇ ဘီလီယံကျော် ထပ်မံရရှိတယ်လို့ စစ်ကောင်စီက သူတို့ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြပါတယ်။
 
နေပြည်တော်မှာ သူဦးဆောင်တည်ထားနေတဲ့ ထိုင်တော်မူရုပ်ပွားတော် တည်ဆောက်တည်ထားမှု အခြေအနေတွေနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြပွဲ လို့ဆိုကာ မနေ့က စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရှင်းလင်းပြောဆိုခဲ့ပါတယ်။
 
အဲ့ဒီရှင်းလင်းပွဲမှာ စုစုပေါင်း အလှူရှင် ၃၇၇ ဦးက ကျပ် ၁၇ ဒဿမ ၄၁၅ ဘီလီယံ လှူဒါန်းခဲ့တာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီရှင်းလင်းပွဲကို စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ စစ်တပ်အရာရှိတွေ၊ သာသနနုဂ္ဂဟဘွဲ့ရ အလှူရှင်တွေနဲ့ မိတ်ဖက် ကုမ္ပဏီတွေက အလှူရှင်တွေ တက်ကြတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်ကလည်း အလားတူ နာမည်ကြီး စီးပွားရေးသမားတွေကို ဖိတ်ခေါ်ရှင်းလင်းခဲ့ပြီး ဘုရားအတွက် အလှူငွေ ၁၆ ဒသမ ၁၇၇ ဘီလီယံရတယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ တပတ်ကျော်အကြာ ဇူလိုင် ၁၆ ရက်ကလည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေကို ဖိတ်ခေါ်ရှင်းလင်းခဲ့ပြီး အလှူငွေတွေ လက်ခံရယူခဲ့ပါသေးတယ်။
 
ဒါပေမယ့် အဲဒီတကြိမ်မှာ အလှူငွေ ဘယ်လောက်ရခဲ့တယ်ဆိုတာ စစ်ကောင်စီက ထုတ်ပြန်ခြင်းမရှိပါဘူး။ ထုတ်ပြန်ချက်တွေအရ ဘုရားတည်ထားရေးအတွက် စီးပွားရေးလုပ်ငန်းရှင်တွေဆီက စုစုပေါင်း အလှူငွေ ကျပ် ၃၃ ဘီလီယံကျော်ထက်မနည်း ရရှိထားတာဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ မနေ့က သီတဂူဆရာတော် အပါအဝင် သံဃာတော် ၂၆ ပါးနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စစ်ဗိုလ်ချုပ်တွေအပါအဝင် လူပုဂ္ဂိုလ်အများအပြားကို မာရဝိဇယရုပ်ပွားတော် တည်ထားရေး လုပ်ငန်းတွေမှာ ပါဝင်ခဲ့တာ၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွေမှာပါဝင်ခဲ့တာ စတဲ့ အကြောင်းပြချက်တွေနဲ့ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။
 
ဒါ့အပြင် Anglo Mining ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ခိုင်သန်း ကိုလည်း ရုပ်ပွားတော် တည်ထားရေး လုပ်ငန်းတွေမှာ ထူးခြားစွာ ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ ဆိုကာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ပေးအပ်ခဲ့ပါသေးတယ်။
 
ရုပ်ပွားတော် တည်ထားတဲ့ ရည်ရွယ်ချက် လေးခုထဲက နှစ်ခုဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာကြီး ငြိမ်းချမ်းဖို့လို့ ဆိုပေမယ့် အဲ့ ဒီရုပ်ပွားတော်တည်ထားတဲ့ နေရာ တဝိုက်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်ငါးရာကျော်ကိုတော့ စစ်ကောင်စီက ဖိအားပေးဖယ်ရှားခဲ့ပါတယ်။
 
မာရဝိဇယ ရုပ်ပွားတော် တည်ထားရာ ဗုဒ္ဓဥယျာဉ်ရဲ့တောင်ဘက် တမိုင်ကျော်အကွာက အိမ်ခြေ ၄၈၀ လောက်ရှိတဲ့ သဲဖြူရွာနဲ့ အဲဒီရုပ်ပွားတော်ဆီ သွားရာ လမ်းတလျှောက်က ကျူးကျော်တဲ တရာထက်မနည်းကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇွန်လအတွင်း ဖျက်သိမ်းခဲ့တာလို့ မြန်မာနောင်းသတင်းဌာနက ဖော်ပြထားပါတယ်။
 
အစိုးရအသိအမှတ်ပြု မူလတန်းလွန်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းတွေရှိနေတဲ့ သဲဖြူရွာအပါအဝင် အနီးဝန်းကျင်က နေအိမ်တွေကို စစ်ကောင်စီက ကြိုးဝိုင်းဧရိယာထဲ ပါဝင်နေတယ်၊ စီမံကိန်းလုပ်ဖို့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖျက်သိမ်းခဲ့တာလို့ ဆိုပါတယ်။
 
ဗုဒ္ဓဘာသာ၊ သာသနာဟာ မေတ္တာတရားကို အလေးထားတဲ့ ဘာသာတရားတခု ဖြစ်တာကြောင့် ဗုဒ္ဓဘာသာကို အခြေခံရင် ကမ္ဘာမှာလည်း ငြိမ်းချမ်းသာယာလိမ့်မယ်လို့ နိုင်ငံတဝန်းက တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တိုက်နေရတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က မနေ့ကရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
 
အဲ့ဒီရုပ်ပွားတော်ဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော် တွေအနက် ဥာဏ်တော်အမြင့်ဆုံး ဖြစ်လာမယ်လို့လည်း သူကကြွေးကြော်လေ့ရှိပါတယ်။
 
မာရတိဇယ ရုပ်ပွားတော် ထုဆစ်တည်ထားဖို့အတွက် စကျင်ကျောက်တုန်းတွေကို ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ အဲဒီနှစ် ဇူလိုင်လမှာ မန္တလေးတိုင်း၊ မတ္တရာနယ်ကနေ နေပြည်တော်ကို စတင်သယ်ယူခဲ့တာဖြစ်ပါတယ်။
 
ဓာတ်ပုံ – CINCDS