ဇူလိုင်၊ ၂၃
ကျိုက်ထီးရိုး တောင်တက်ကားလမ်း ပေါ်က လေးဖာတောတံတား ဗုံးခွဲဖျက်ဆီးခဲ့တယ်ဆိုပြီး ဖမ်းဆီးထားတဲ့ သုံးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပါဝင်ပတ်သက်မှု မရှိဘဲ သာမန်အရပ်သားတွေ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တာဝန်ရှိသူတွေက ပြောပါတယ်။
“ မဟုတ်ပါဘူး၊ ကျွန်တော်တို့ တပ်ဖွဲ့ဝင် လုံးဝမဟုတ်ပါဘူး၊ ဒါကိုတော့ လုံးဝအတည်ပြုပေးနိုင်ပါတယ်။ ဒီကောင်တွေက အရပ်သားတွေကို လိုက်ဖမ်းပြီး ဒီလိုပဲ လုပ်နေကြဘဲဟာ။ မဟုတ်တဲ့ဟာကို ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ဟုတ်တယ်လို့ ပြောလို့ရမှာလည်းဗျာ။ မယုံရင် အဲဒီဖမ်းခံရတဲ့ မိသားစုတွေကို သွားမေးကြည့်လိုက်ရင် အဖြေမှန်ကို သိမှာပဲလေ ” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုး တောင်တက်ကားလမ်း မှာရှိတဲ့ လေးဖာတောတံတား ကို ဇူလိုင်လ ၆ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KLNA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ကေအဲန်ယူ သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌက DNA ကို ဖြေဆိုထားပါတယ်။
အဲဒီတံတား ဖောက်ခွဲခံရပြီးနောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာမှာ ယင်းနေ့ ညနေ ၇ နာရီခန့် တောင်တက်ကားဂိတ်အနီးမှာ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင်သုံးဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဇူလိုင်လ ၂၁ ရက်မှာ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဓါတ်ပုံနဲ့တကွ ဝါဒဖြန့်ထားပါတယ်။
ဖမ်းဆီးခံရတဲ့ သူသုံးဦးကို စစ်ဆေးရာမှာ ၎င်းတို့ကိုင်ဆောင်ထားတဲ့ ဖုန်းအတွင်းမှာ တောတွင်းမှာ လက်နက်ကိုင်ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ၊ ရဲစခန်း တိုက်ခိုက်ထားတဲ့ ဗီဒီယိုမှတ်တမ်းတွေကို စိစစ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူတို့သုံးဦးဟာ ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေမှာ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့ပြီး သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်း အဖွဲ့နဲ့ ပူးပေါင်းကာ ကျိုက်ထိုမြို့နယ်အတွင်းမှာ အကြမ်းဖက်ဖောက်ခွဲတာ၊ ဘီးလင်းမြို့နယ် ဝင်းကရဲစခန်း တိုက်ခိုက်တာနဲ့ လေးဖာတံတား ဖောက်ခွဲဖျက်ဆီးမှုတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြောင်းကို ထွက်ဆိုခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။
“ ကျွန်တော်သိထားတာက အခု သူတို့ဖမ်းထားတဲ့ သူတွေက ကျိုက်ထိုက လူငယ်တွေပဲ၊ အဲဒီထဲက တယောက်ဆိုရင် ကျိုက်ထိုက စားသောက်ဆိုင်ဖွင့်ထားတာ၊ သူ့မိသားစုကလေ၊ ဒီကောင်တွေက အဲလိုမျိုး ဖမ်းပြီးတော့ ငွေညှစ်မယ်၊ မရလို့ရှိရင် ဒီလို နိုင်ငံရေး လုပ်တယ်ဆိုပြီး အမှုဖွင့်တာတွေ လုပ်လိုက်တယ်လို့တော့ ထင်တယ် ” လို့ PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
PDF တွေဟုဆိုကာ စစ်ကောင်စီဘက်က စွပ်စွဲဖမ်းဆီးထားတဲ့သူသုံးဦးဟာ အသက် ၁၉ နှစ်အရွယ် ကိုပြည့်စုံမောင် (ခ) ပြည့်စုံ၊ အသက် ၂၁ နှစ်အရွယ် အာကာပိုင်စိုး (ခ) အာကြီး၊ အသက် နှစ်ဆယ်နှစ်အရွယ် ဧပရယ်ဟိန်း (ခ) ဧပရယ် တို့ဖြစ်ကြပြီး သုံးဦးစလုံးက ကျိုက်ထိုမြို့နယ် ကော့စံနိုင်ရပ်ကွက်မှာ နေထိုင်ကြသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
“ သူတို့တွေ ဘယ်တုန်းက ဖမ်းခံထားရလဲတော့ မသိဘူးဗျ၊ အခုလို ဓါတ်ပုံနဲ့ ထုတ်ပြန်လာတာတွေ့တော့မှ သိရတာလေ။ ကျွန်တော်သိထားသလောက်တော့ အခုအဖမ်းခံရတဲ့ ကောင်လေးတွေက သာမန်အရပ်သား လူငယ်လေးတွေပါပဲ။ အခုတလော ကျိုက်ထိုမှာ အရပ်သားတွေ ခဏခဏဖမ်းခံနေရတာရှိတယ်၊ အဓိက လူငယ်ပိုင်းတွေပေါ့။ တချို့ငွေညှစ်ပြီး ပြန်လွှတ်တယ်၊ တချို့တော့ ခုထိ ပြန်မလွတ်တာ အများကြီးရှိသေးတယ်ဗျ ” လို့ ကျိုက်ထို မြို့ခံတဦးက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံထားရတဲ့သူ သုံးဦးနဲ့ပတ်သက်ပြီး အသေးစိတ်အတည်ပြုပေးနိုင်ဖို့ သက်ဆိုင်ရာ မိသားစုဝင်တွေထံကို DNA က ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် အခုချိန်ထိ အဆက်အသွယ်မရသေးပါဘူး။
လက်ရှိ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားတဲ့သူ သုံးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ကျိုက်ထိုမြို့နယ် ကင်းမွန်ချောင်နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ ၂၁ ရက်အထိ နိုင်ငံတဝှမ်းမှာ ၁၉,၅၉၃ ဦးက ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီထဲက (၆,၉၂၄) ဦးက ထောက်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – စစ်တပ်ထောက်ခံတယ်လီဂရမ်