ဆားလင်းကြီးမှာ စစ်ကြောင်းထိုးနေလို့ ဒေသခံရှစ်ထောင်ကျော် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

ဇူလိုင် ၊ ၂၃
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာပေါင်း နှစ်ဆယ် ကျော်က ဒေသခံ ရှစ်ထောင်ကျော်ဟာ မိုးရေထဲမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေထံက စုံစမ်းသိရပါတယ်။

“ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ရွာပေါင်း နှစ်ဆယ် ကျော်က စစ်ဘေးရှောင်ပြည်သူတွေကတော့ မိုးထဲရေထဲမှာ ခက်ခက်ခဲခဲနဲ့ စစ်ဘေးရှောင်နေရတယ်။ မိုးထဲရေထဲမှာ အမိုးအကာမရှိဘဲနဲ့ စစ်ဘေးရှောင်နေကြရတာ”လို့ ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ကိုစစ်ငြိမ်းက DNA ကို ပြောပါတယ်။

လက်ရှိမှာ ချင်းတွင်းမြစ်ရေမြင့်တက်နေချိန်ဖြစ်တာကြောင့် မြစ်ကမ်းဘေးက စစ်ဘေးရှောင်ပြည်သူတွေဟာ မိုးရေထဲမှာ အခက်အခဲများစွာနဲ့ စစ်ဘေးတိမ်းရှောင်နေရသလို လမ်းဘေးသစ်ပင်တွေနဲ့နီးစပ်ရာနေရာတွေမှာ တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေထံက စုံစမ်းသိရပါတယ်။

အင်အား တရာ ကျော်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၂၁ ရက်က စတင်ပြီး ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၂၂ ရက်မှာ လယ်တီကျေးရွာက အရပ်သားနှစ်ဦးနဲ့ တုံကျေးရွာက တစ်ဦးတို့ကို လူသားဒိုင်းပြုလုပ်ဖမ်းဆီးသွားခဲ့တယ်လို့ ဆားလင်ကြီးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။

ယနေ့ ဇူလိုင် ၂၃ ရက်မှာတော့ အဲဒီစစ်ကြောင်းဟာ ညောင်ပင်ကြီးနဲ့ဆားလင်းကြီးမြို့သွားရာ ကားလမ်းဘေးတလျှောက်က ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးက ကျေးရွာပေါင်း နှစ်ဆယ် ကျော်ကဒေသခံရှစ်ထောင်ကျော်ဟာ  မိုးရေထဲမှာခက်ခက်ခဲခဲနဲ့ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

“ဒီကနေ့ဆိုရင် စစ်ဘေးရှောင်တွေက ဘယ်လိုဖြစ်နေလဲဆိုတော့ ချင်းတွင်းမြစ်ရေကလည်းတက်နေသလို မိုးကလည်းရွာနေတယ်။ အရှေ့ဘက်မှာက မြစ်ရေတက်နေတယ်၊ အနောက်ဘက်မှာက လက်ပံတောင်းတောင်ကြေးနီးစီမံကိန်းက ဝမ်ပေါင်ကုမ္ပဏီရှိနေတယ်။ မြောက်ဘက်မှာက ညောင်ပင်ကြီးရဲစခန်းရှိတယ်၊ တောင်ဘက်ကမှာက ဆားလင်းကြီးဘက်က စစ်ကြောင်းထိုးလာနေတယ်။ မိုးထဲရေထဲမှာ ပြေးစရာနယ်မရှိဘူးဖြစ်နေကြတာ”လို့ ကိုစစ်ငြိမ်းက ပြောပါတယ်။

ဒါ့အပြင် ချင်းတွင်းမြစ်ထဲကနေ အထက်ကိုဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ စစ်သင်္ဘောသုံးစီးကလည်း မုံရွာနဲ့ဆားလင်းကြီးမြို့နယ်ထဲကိုရောက်ရှိနေပြီး ၄၀ မမ၊ ၆၀ မမတွေသာမက လက်နက်ငယ်တွေနဲ့ ပါလမ်းတလျှောက်မှာပစ်ခတ်လာနေတာကြောင့် အနီးဝန်းကျင်က စစ်ဘေးရှောင်တွေ သတိထားနေထိုင်ကြဖို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းထိုးမီးရှို့မှုတွေကြောင့် အမြဲတမ်းစစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေရတဲ့ ဒေသခံ ခြောက်ထောင် ကျော်ခန့်ရှိနေတယ်လို့လည်း စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့ပေးနေသူတွေထံက စုံစမ်းသိရပါတယ်။

လက်ရှိ ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့ရဲ့စိုးရိမ်ရေမှတ် တထောင်စင်တီမီတာအနီးကိုရောက်ရှိလာပြီး ဇူလိုင် ၂၃ ရက်မနက်ပိုင်း စစ်ကောင်စီမိုးဇလဌာနက ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေဟာ ၉၂၆ စင်တီမီတာကိုရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

photo- ဆားလင်းကြီး ပအဖ