အရေးယူပိတ်ဆို့မှုတွေလုပ်ထားပေမယ့် မြန်မာ့သတ္တုနဲ့ကျောက်မျက် ပြည်ပတင်ပို့မှုတိုးလာတယ်လို့ သွေးစွန်းငွေ လှုပ်ရှားမှုအဖွဲ့ပြော

ဇူလိုင် ၊ ၂၂

စစ်အာဏသိမ်းပြီးနောက်ပိုင်း မြန်မာကျောက်မျက်ကဏ္ဍကို အင်အားကြီးနိုင်ငံတွေအပါအဝင် အနောက်နိုင်ငံတွေ က ပိတ်ဆို့အရေးယူမှုတွေလုပ်ခဲ့ပေမယ့်  မြန်မာ့သတ္တုနဲ့ကျောက်မျက်ပြည်ပတင်ပို့မှုသိသိသာသာတိုးလာတယ်လို့ သွေးစွန်းငွေဖြတ်တောက်လှုပ်ရှားအဖွဲ့ရဲ့ အစီရင်ခံစာတရပ်မှာဖော်ပြပါတယ်။

“အရေးယူပိတ်ဆို့တာတွေရှိတယ်၊တကယ်လက်တွေ့ အကောင် အထည်ဖော်တဲ့နေရာမှာ အားနည်းချက်ရှိနေ တာတွေ့ရတယ်၊စီးပွားရေး ပိတ်ဆို့တဲ့ နိုင်ငံတွေကို အခုလို တင်ပို့နေ တာတွေရှိနေတဲ့ အတွက် တကယ်မြေပြင် အထိလုပ်သလားဆိုတာ ဖိအားပေးဖို့ လိုတယ်”  လို့ အဲဒီအဖွဲ့က တာဝန်ရှိသူ တဦးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ သတ္တုနဲ့ ကျောက်မျက်တင်ပို့မှုတန်ဖိုးဟာ ၂၀၂၁ခုနှစ်မှာ အမေရိကန်ဒေါ်လာ သုံးဘီလီခွဲလောက် ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၆ဒသမ ၂ဘီလီယံအထိရှိခဲ့တယ်လို့ အဲ့ဒီအစီရင်ခံစာကဆိုပါ တယ်။

မြန်မာ့ကျောက်မျက်တွေဟာ အရေးယူပိတ်ဆို့ခံထားရပေမယ့် ပိတ်ဆို့ထားနိုင်ငံတွေဆီ ဆက်လက်တင်ပို့ တာ တွေရှိနေဆဲဖြစ်တာကြောင့် အရေးယူမှုတွေ ထိထိရောက်ရောက်လုပ်ဖို့လည်း သွေးစွန်းငွေဖြတ်တောက် ရေး လှုပ်ရှားမှုအဖွဲ့ကတိုက်တွန်းပါတယ်။

အဲဒီအစီရင်ခံစာအရ အာဏသိမ်းနှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ ဓာတ်သတ္တုနဲ့ ကျောက်မျက် ပြည်ပတင်ပို့ မှုဟာ သိသိသာသာ တိုးလာခဲ့သလို ကျောက်စိမ်း၊ မြေရှား၊ ခဲမြဖြူ၊ ကြေးနီ၊နီကယ် နဲ့ ပတ္တမြားတို့ကို အဓိကတင်ပို့ နေတာလို့ သိရပါတယ်။

အမေရိကန်၊ဆွစ်ဇာလန်နဲ့ အီတလီစတဲ့ အနောက်နိုင်ငံတွေကို ပတ္တမြားနဲ့ ကျောက်မျက်ရတနာတင်ပို့မှုဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ  ၉၆သန်းရှိကာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်မှာတော့ ဒေါ်လာ ၇၅သန်းအထိ ရှိခဲ့တယ်လို့ အဆိုပါအစီရင်ခံစာမှာဖော်ပြထားပါတယ်။

တရုတ်နိုင်ငံကို ကျောက်စိမ်းတင်ပို့မှု တန်ဖိုးကတော့ ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံရှိခဲ့ရာက၂၀၂၂ ခုနှစ်မှာတော့လေးဘီလီယံအထိရှိလာတာကြောင့် လေးဆလောက်အထိမြင့်တက်လာတဲ့သဘောဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့သတ္တုတွင်း ကဏ္ဍသမိုင်းတလျှောက် အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံဟာ အာဏာသိမ်ပြီးနောက် နိုင်ငံတဝန်း မတည်ငြိမ်မှုတွေ တိုးလာချိန်အထိ ပြီးခဲ့တဲ့နှစ်နှစ်ဆက် အကြီးမားဆုံးတင် သွင်းသူအဖြစ် ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း သယံဇာတတွေ တရားမဝင် တူးဖော်မှု သိသိသာသာတိုးလာသလို ကျောက်စိမ်း၊သံဖြူနဲ့ မြေရှားသတ္တုတွေ တရားမဝင် တူးဖော်တာ၊ဥပဒေပြင်ပကနေ တင်ပို့တာတွေ တိုးမြင့်ခဲ့တာကြောင့် ဒီကရတဲ့ငွေ ကြေးတွေဟာ စစ်ကောင်စီရဲ့ ဘဏ္ဍာထဲ ဝင်ရောက်ခြင်းမရှိနိုင်ပေမယ့်် ကြေးနီနဲ့ နီကယ် သတ္တုရောင်းချမှုဝင်ငွေ ကတော့ စစ်တပ်ဆီဆက်လက်စီးဆင်းနေနိုင်တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လက်ရှိမှာ ကြေးနီကို တရုတ်နိုင်ငံဆီအဓိကတင်ပို့နေပြီး ၂၀၂၁ ခုနှစ်မှာ ကြေးနီတင်ပို့မှု တန်ဖိုး ကန်ဒေါ်လာ ၄၃၀ သန်း၊ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၂၆၀ သန်းရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ တရုတ်အကေက်ခွန်ဌာနတို့ရဲ့ ကုန်သွယ် ရေးဆိုင်ရာ အချက်အလက်တွေကိုကိုးကားပြီး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကြေးနီကို အဓိကထုတ်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ နယ်မြေမတည်ငြိမ်တာ၊ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ တွေကြောင့် အစီရင်ခံစာထဲမှာဖော်ပြထားတဲ့ကာလအတွင်း စီမံကိန်းတွေ ရပ်ဆိုင်းထားရပါတယ်။

ဒါပေမယ့် မန္တလေးတိုင်းထဲက တကောင်းနီကယ်စက်ရုံကနေ ၂၀၂၁ ခုနှစ်မှာ ကန်ဒေါ်လာ ၃၄၀ သန်းနဲ့ ၂၀၂၂ ခုနှစ်မှာ ကန်ဒေါ်လာ ၂၂၆ သန်းအထိ စစ်အုပ်စုအတွက် ဝင်ငွေတွေ ရနေသေးတယ်လို့ သွေးစွန်းငွေဖြတ် တောက် ရေး လှုပ်ရှားမှုအဖွဲ့ရဲ့အစီရင်ခံစာမှာဆက်လက်ဖော်ပြထားပါတယ်။

ဒါကြောင့် NUG အစိုးရအနေနဲ့ တကောင်းတောင် နီကယ်မိုင်းကနေ စစ်ကောင်စထံစီးဆင်းနေတဲ့ ဘဏ္ဍာတွေကို ဖြတ်တောက်နိုင်ဖို့အတွက် တရုတ်နိုင်ငံကို သံတမန်နည်းလမ်းအရ ဖိအားပေးဖို့လိုသလို မြေရှားသတ္တုတူးဖော်ရေး ကြောင့် သဘာဝပတ်ဝန်းကျင်မထိခိုက်စေဖို့နဲ့ ဒေသခံတွေရဲ့စိုးရိမ်မှုကို လျှော့ချနိုင်ဖို့အတွက် တိုင်းရင်းသား လက် နက်ကိုင်တွေနဲ့ ထိတွေဆက်ဆံဖို့လိုတယ်လို့ အကြုံပြုထားပါတယ်။