ဆိပ်ဖြူမြို့နယ်တဝိုက်မှာစစ်ကောင်စီက စစ်ကြောင်းထိုး၊ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေလို့ ဒေသခံတွေ စားနပ်ရိက္ခာ ခက်ခဲလာ

ဇူလိုင်၊ ၂၂

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အနောက်ဖက် ဆော-ဆိပ်ဖြူသွားကားလမ်းမ သပြေရွာအနီးမှာ စစ်အုပ်စုကဒီကနေ့ မနက်ပိုင်းကစလို့ လမ်း ပိတ်ပြီး စစ်ဆေးရေးတွေ လုပ်နေတာကြောင့် အဝေးပြေးကားတွေ၊ကုန်တင်ကားတွေအပါ အဝင် ကားအစီးရေ ငါးဆယ်လောက် ပိတ်မိနေ တယ်လို့ အဲဒီအခြေအနေကို သိရှိနေတဲ့ဒေသခံတဦး ကပြောပါ တယ်။

“ မနက်ကတည်းက ကားတွေကို တစီးချင်းရပ်ခိုင်းပြီးတော့ စစ်နေတယ်၊လူတွေကော ပစ္စည်းတွေကော စစ်နေတာ အဝေးပြေးကားတွေဆိုလည်း အကုန်ချစစ်နေတယ်၊စစ်ပြီးကားတွေကိုလည်း ရပ်ခိုင်းထားတယ်၊လူတွေကိုလည်း တန်းစီထိုင်ခိုင်းထားတယ်” လို့ သူကပြောပါတယ်။

စစ်အုပ်စုက ဆောနယ်ဖက်ကို သွားမယ်ကားတွေကို အဓိကထားစစ်ဆေးမှုတွေ လုပ်ဆောင်နေသလို အသွားအ လာကိုလည်း ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

“ အရင်ကလည်း သူတို့စစ်လိုက်တဲ့လမ်းဆိုရင် ဖြတ်သန်းသွားလာခွင့်မပြုဘူး၊နှစ်ရက်သုံးရက်တော့ အနည်းဆုံး ပိတ်တယ်၊အခုလိုပိတ်စစ်တာ သုံးလေးကြိမ်လောက်တော့ရှိပြီ၊အရင်လတုန်းကလည်း ပုသိမ်-မုံရွာလမ်းမပေါ်မှာ ဆောဖက်သွားမယ့် ကားတွေကို ပိတ်စစ်သေးတယ်၊ခရီးသည်တွေ ကုန်ပစ္စည်းသယ်တဲ့ကားတွေကော အကုန်ဒုက္ခ ရောက်တာပေါ့ ” လို့ အဲ့ဒီဒေသခံကပြောပါတယ်။

ဆောနယ်ဘက် အပါအဝင် မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် စစ်ကောင်စီက အခုလို တင်းတင်းကျပ်ကျပ်ပိတ်ဆို့စစ် ဆေးမှုတွေလုပ်နေတာလို့ ဒေသခံတွေက ယူဆကြပါတယ်။

ဆိပ်ဖြူမြို့နဲ့ နယ်မြေချင်းထိစပ်ရှိတဲ့ ဆောနယ်ဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်တပ်တွေအကြား ပြီးခဲ့တဲ့လ နောက်ဆုံးအပတ်ကတည်းက တိုက်ပွဲတွေဖြစ်နေကြတာပါ။ဒါ့အပြင် လက်ရှိဆိပ်ဖြူမြို့နယ်အတွင်း မှာလည်း စစ်ကောင်စိတပ်သားတွေ တိုက်ခိုက်ခံရတာ၊စစ်ကောင်စီက စစ်ကြောင်းထိုးနေတာတွေရှိနေပါတယ်။

ဒါ့အပြင်စစ်အုပ်စုက ဆိပ်ဖြူမြို့နယ် အရှေ့ဖက်ခြမ်း ယောချောင်းဘေးကျေးရွာတွေက ဒေသခံတွေကို မြို့ပေါ်သို့ သွားလာခွင့်မပြုဘဲ ပိတ်ပင်ထားတာ ဆယ်ရက်ကျော်လောက်ရှိပြီလို့ ဒေသခံတွေနဲ့ ဒေသအခြေစိုက် တော်လှန် ရေး အင်အားစုတွေက ပြောပါတယ်။

“PDF ရှိတယ်ဆိုတဲ့ အသံကြားတဲ့နေရာတွေကို ပိတ်ဆို့ထားတာပေါ့၊ပိတ်တာလည်းကြာနေပြီ၊အခုအဲဒီဘက်မှာ ဘာဖြစ် လာသလဲဆိုတော့ စားနပ်ရိက္ခာတွေပြတ်လပ်လာတယ်၊အဆင်ပြေတဲ့ အိမ်တွေဆီက ခဏချေးငှားစား နေ ကြတာပေါ့ ၊ဒါအပြင် PDFတွေကလည်း သူတို့ရှိတာလေးတွေ ပြန်လည် မျှဝေစားသောက်နေတာလည်းရှိတယ်၊ အ ခုတော့ စားနေ ရသေးပေမယ့် ရက်ကြာရင်တော့ မလွယ်ဘူး” လို့ ဆိပ်ဖြူမြို့ အခြေစိုက် ဘာမထီ ပြောက်ကျား တပ်ဖွဲ့၀င် တဦးက ပြောပါတယ်။

ဆိပ်ဖြူမြို့နယ်နဲ့ ပခုက္ကူမြို့နယ်အစပ် ဒေသတွေမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေတာ တပတ် ကြာရှိနေပြီ ဖြစ်ပြီး အဲ့ဒီကာလအတွင်းရွာနှစ်ရွာမီးရှို့ခံခဲ့ရသလို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အခုလ ၁၃ရက်လောက်ကစလို့ ဒေသတွင်းကို စစ်ကြောင်းထိုးလှည့်လည်နေတာ ဖြစ်ပြီး  ဆိပ်ဖြူမြို့နယ်အတွင်းက တောင်ရွာမရွာနဲ့ စိုင်ဖြူကျေးရွာတွေကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ ကြပါ တယ်။

အဲ့ဒိလိုစစ်ကြောင်းထိုးနေတာကြောင့် ပခုက္ကူမြို့နယ်ဘက်က ကျေးရွာငါးရွာ၊ဆိပ်ဖြူမြို့နယ်ဘက်က ကျေးရွာ ခုနစ်ရွာလောက်က ဒေသခံတွေဟာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသလို ဒေသတွင်းလမ်းပိုင်းတွေ လည်းပိတ်ဆို့ခံထားရတာကြောင့် စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာခက်ခဲနေတယ်လို့ ဒေသတွင်း အခြေအနေ တွေဖော်ပြပေးနေတဲ့ We Love Seikphyu Group က ဖော်ပြထားပါတယ်။

“အဲဒီဘက်က ရွာတွေက ရွာကြီးတွေဆိုတော့ တရွာကိုအနည်းဆုံး အိမ်ခြေ တရာလောက်ရှိတယ်၊ စစ်ကြောင်းစ ၀င်ကတည်းက ပြေးနေကြရတာ၊အခုထိကို ရွာမပြန်ရသေးဘူး၊လူဦးရေဆို အနည်းဆုံးတော့ ၅၀၀၀ နီးပါး လောက် ရှိမယ်၊အနီးနားက ဘုန်းကြီးကျောင်းတွေမှာ သွားနေကြသလို တောတွေထဲမှာ နေတဲ့သူ တွေလည်းရှိတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်အုပ်စုစစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ဒေသခံများ