လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ပစ်ခတ်ခံရလို့သေဆုံး

ဇူလိုင်၊၂၂

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်၊စိုက်ပျိုးရေးဌာန ဒုဦးစီးမှူးဦးသိန်းဦးဟာ မနေ့က ညပိုင်းက ပစ်ခတ်ခံရတာ ကြောင့် သေဆုံးသွားတယ်လို့ သူ့ရဲ့မိသားစုဝင်တွေနဲ့ ဒေသခံတွေက DNA ကိုအတည်ပြုပါတယ်။

လောင်းလုံးမြို့နဲ့ငါးမိုင်လောက်အကွာ ဂေါ့အင်းရွာမှာနေထိုင်တဲ့ အသက် ၅၃နှစ်အရွယ် အဲ့ဒီစိုက်ပျိုးရေး ဌာနဒုဦးစီး မှူးကို မနေ့ညရှစ်နာရီခွဲလောက်က လောင်းလုံးမြို့နယ်အောက်ပိုင်းလမ်းတနေရာမှာ ပစ်ခတ်ခဲ့တာလို့ လောင်း လုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရလို့ သေဆုံးသွားသူဟာ စစ်ကောင်စီ၊ပျူစောထီးတွေနဲ့အတူ ခရီးသွားပြည်သူတွေကိုစစ်ဆေးတာ၊ ဆက် ကြေးတောင်းခံမှုတွေမှာပါဝင်နေတာတွေကြောင့် အဲ့ဒီလုပ်ရပ်တွေရပ်တန့်ဖို့သတိပေးခဲ့ပေးမယ့် ဆက်လုပ်နေတာ ကြောင့် အခုလို ပစ်ခတ်ခဲ့တာလို့ အဲ့ဒီတပ်ဖွဲ့ကဆိုပါတယ်။

“သူက လုံခြုံရေးနဲ့ပတ်သက်လို့တာဝန်မရှိဘူးလေ၊စိုက်ပျိုးရေးဘက်က ရာထူးကြီးယူထားတဲ့သူပဲ၊သူနေတတ်ရင် နေလို့ရရဲ့သားနဲ့ နာမည်ကြီးပျူတွေ စစ်ကောင်စီသတင်းပေးတွေနဲ့ပေါင်းတယ်၊ စစ်ဆေးရေးဂိတ်တွေမှာလည်း ထိုင်တယ်”လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်အုန်းအုန်းက DNA ကိုပြောပါတယ်။

ဒါပေမယ့် သေဆုံးသူရဲ့ သူ့မိသားစုဝင်တွေကတော့ ဒုဦးစီးမှူး ဦးသိန်းဦးဟာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ ဝင်တွေနဲ့ ပူးပေါင်းပြီး ဆက်ကြေးကောက်တာ၊ သတင်းပေးတာတွေ လုပ်တယ်ဆိုတဲ့ စွပ်ချက်ချက်အပေါ် ငြင်းဆို ပါတယ်။

“ကျွန်မတို့ အိမ်ကို မနှစ်က PDF တွေလာပြီး စစ်တပ်နဲ့ မပေါင်းဖို့ လာသတိပေးဖူးတယ်၊အဲ့တုန်းကလည်းကျွန်မတို့ လင်မယားနှစ်ယောက်စလုံး သေချာရှင်းပြခဲ့တယ်၊ဆက်ကြေးကောက်တာမျိုးလည်း တခါမှမလုပ်ဖူးဘူး၊ရုံးက ပိုက် ဆံတွေ သွားသွင်းပေးတာမျိုးပဲ ရှိဖူးတယ်” လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက DNA ကို ပြောပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ ဦးသိန်းဦးဟာ ထားဝယ်-ရန်ကုန် ကားလမ်းမပေါ်က မလွှဲ တောင်စစ်ဆေးရေးဂိတ်မှာ စစ်တပ်နဲ့ပေါင်းပြီး ဆက်ကြေးကောက်တာတွေရှိလို့ ဆက်မလုပ်ဖို့ အကြိမ်ကြိမ် သတိ ပေးခဲ့ပေမယ့် မလိုက်နာခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဇနီးဖြစ်သူကတော့ ဦးသိန်းဦးဟာ ရုံးကတာဝန်ပေးစေခိုင်းလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းက မလွှဲတောင်စစ်ဆေး ရေးဂိတ်မှာ တလလောက် သွားရောက်တာဝန်ထမ်းဆောင်ဖူးပြီး အသေးစိတ်အခြေအနေတော့ မသိရဘူးလို့ ပြော ပါတယ်။

“သူက သတိပေးစာ နှစ်ကြိမ်လောက်ပို့ထားပြီးကတည်းက မြို့မှာမနေဘူး၊စစ်ဆေးရေးဂိတ်မှာပဲ နေတာ၊ တခါတ လေတော့ အိမ်ပြန်လာတယ်၊စစ်ဆေးရေးဂိတ်မှာတင် ထိုင်တာမဟုတ်ဘူး ၊CDM စာရင်းတွေ အကုန်သူ့ဆီ မှာရှိ တယ် ၊အဲ့ဒီလူတွေကိုလည်း စစ်ကောင်စီကို သတင်းပေးပြီး ဖမ်းဆီးခိုင်းတာတွေရှိလို့ အချိန်တော်တော် ကြာစစ် ဆေးပြီးမှ ပစ်ခက်ရှင်းလင်းခဲ့တာလို့” လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်အုန်းအုန်းကဆိုပါတယ်။

ဒါပေမယ့် ဂေါ့အင်းရွာခံတချို့ကတော့ ဦးသိန်းဦးဟာ ဂေါ့အင်းရွာမှာရှိတဲ့နေအိမ်ကနေပဲ လောင်းလုံးမြို့ပေါ်က ရုံးကို နေ့ချင်းပြန် ရုံးတက်လေ့ရှိသူတယောက်ဖြစ်တယ်လို့ ပြောပါတယ်။

“ရှောင်နေတာမျိုးတော့မရှိဘူး၊ ရုံးကို အိမ်ကနေပဲ အတက်အဆင်းလုပ်နေတာ၊ကျွန်မတို့သိရသလောက်တော့ ဒ လန်လုပ်တာမျိုးလည်း တခါမှ မကြာဖူးဘူး၊သူက ကုမ္ပဏီက ဓာတ်မြေသြဇာတွေ တဆင့်ခံရောင်းပေးတယ်၊ အ ကြွေးရောင်းထားတဲ့ဟာတွေဆို ပိုက်ဆံလိုက်ကောက်တာမျိုးတော့ရှိတယ်” လို့ ဂေါ့အင်းရွာခံ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။

မနေ့ညက ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ စိုက်ပျိုးရေးဌာနအရာရှိဦးသိန်းဦးမှာ အသက် ၁၇ နှစ်နဲ့ ၁၅ နှစ်အရွယ် သမီးနှစ်ဦးရှိပြီး ဇနီးဖြစ်သူကတော့ မုန့်ဟင်းခါးရောင်းချ အသက်မွေးတယ်လို့ သိရပါတယ်။