အိန္ဒိယဘဏ်မှာဖွင့်မယ့် မြန်မာငွေစာရင်းတွေထဲရူပီးငွေထည့်သွင်းခွင့်ပြုဖို့စစ်ကောင်စီဗဟိုဘဏ်ဥက္ကဌက အိန္ဒိယ သံအမတ်ကိုတောင်းဆို

ဇူလိုင် ၊၂၂

အိန္ဒိယဘက်မှာဖွင့်လှစ်ထားမယ့် မြန်မာဘဏ်တွေနဲ့ငွေစာရင်းတွေမှာ ဘယ်လိုနည်းလမ်းနဲ့မဆို ရလာတဲ့ အိန္ဒိယ ရူပီးငွေကို ထည့်သွင်းခွင့်ပြုဖို့အတွက် စစ်ကောင်စီဗဟိုဘဏ်ဥက္ကဌက အိန္ဒိယသံအမတ်နဲ့မနေ့ကတွေ့ဆုံရာမှာ တောင်းဆိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဥက္ကဌ ဒေါ်သန်းသန်းဆွေနဲ့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးမစ္စတာ ဗီနေးကူးမား တို့ဟာ မနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံကုန်သွယ်ရေးမှာ အိန္ဒိယရူပီးနဲ့မြန်မာကျပ်ငွေ တိုက်ရိုက် ငွေပေးချေမှုဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာတွေက ဖော် ပြပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း Punjub National Bank မှာဖွင့်လှစ်ထားရှိမယ့် မြန်မာဘဏ်တွေရဲ့ ငွေစာရင်းတွေ ထဲ ဘယ်လိုနည်းနဲ့မဆို ရရှိလာတဲ့ အိန္ဒိယရူပီးကို ထည့်သွင်းခွင့်ပေးဖို့၊အိန္ဒိယနိုင်ငံရှိပြည်ပအလုပ်သမားတွေရဲ့ ပြန် လည်လွှဲပို့ငွေတွေကို အထူးငွေစာရင်းမှာလက်ခံထည့်သွင်းဖို့စတာတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြ တယ်လို့ဆို ပါတယ်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံခြားသုံးငွေ ကျပ်တည်းလာတဲ့ စစ်ကောင်စီဟာ အိမ်နီးချင်း အိန္ဒိယ၊တရုတ်၊ထိုင်းတို့အပြင် ရုရှားနိုင်ငံနဲ့ပါ တိုက်ရိုက်ငွေကြေးလဲလှယ်မှုစနစ် တွေ အ သုံးပြုနိုင်ဖို့ ဆွေးနွေးလုပ်ဆောင်မှုတွေ ဆက်တိုက်ရှိနေခဲ့တာပါ။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုမှာ ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချမှုစနစ်ကို ကျင့်သုံးမှာဖြစ်တယ်လို့ စစ်ကောင်စီ က အခုနှစ်ဧပြီလအတွင်း ဌာနဆိုင်ရာတွေကို စတင်အသိပေးကာ ညှိနှိုင်းမှုတွေဆက်လုပ်ခဲ့ပါတယ်။

ရူပီး-ကျပ် တိုက်ရိုက်ငွေပေးချမှုစနစ်ကိုကျင့်သုံးရာမှာ အိန္ဒိယအစိုးရပိုင် ဘဏ်တွေအနက် တတိယအကြီးဆုံး ဖြစ် တဲ့ Punjub National Bankကိုမြန်မာဘဏ်တွေအတွက်ငွေစာရင်းဖွင့်လှစ်လက်ခံပေးမယ့်ဘဏ်အဖြစ်သတ် မှတ် ထားတယ်လို့လည်း စစ်ကောင်စီဗဟိုဘဏ်ကပြောဆိုထားပါတယ်။