ဇူလိုင် ၊၂၂
အမေရိကန် ရေတပ်ရဲ့ အကြီးအကဲ ရာထူးအတွက် အမျိုးသမီး တဦးကို ပထမဆုံးအကြိမ် ခန့်အပ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ရွေးချယ် အဆိုပြုလိုက်ပါတယ်။
သေနာပတိ လီဆာ ဖရန်ချက်တီကိုသာ ရေတပ်ရဲ့ အကြီးအကဲအဖြစ် အမှန်တကယ် ခန့်အပ်ခဲ့မယ် ဆိုရင်တော့ သူဟာ အမေရိကန် ရေတပ်သမိုင်းတလျှောက် ပထမဆုံး အမျိုးသမီး သေနာပတိချုပ် ဖြစ်လာမှာပါ။ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ထိပ်ပိုင်း အကြံပေးတွေက ရေတပ်ခေါင်းဆောင် ရာထူးအတွက် ဖရန်ချက်တီကို မထောက်ခံပေမယ့် ဘိုင်ဒန်က ကိုယ်တိုင်က ဖရန်ချက်တီရဲ့ ပင်လယ်ပြင်နဲ့ ကမ်းရိုးတန်းဆိုင်ရာ စစ်ရေး ကွပ်ကဲမှု အတွေ့အကြုံတွေကို အခြေပြုပြီး အခုလို ဆုံးဖြတ် ရွေးချယ်ခဲ့တာလို့ သိရပါတယ်။
ဘိုင်ဒန်က ဖရန်ချက်တီကို ရွေးချယ် အဆိုပြုတာက သမိုင်းဝင် အလှည့်အပြောင်း တခု ဖြစ်နိုင်တာကို လက်ခံခဲ့ပြီး ဒီအမျိုးသမီးဟာ သူ့ရဲ့ ရေတပ် အမှုထမ်း ကာလတလျှောက် ထူးခြားတဲ့ အရည်အသွေးတွေ၊ ကျွမ်းကျင်မှုတွေကို ချွင်းချက်မရှိ ပြသထားပြီး ဖြစ်တယ်လို့ ချီးကျူးသွားပါတယ်။ သူဟာ အမေရိကန်ရဲ့ ရေတပ် စစ်ဆင်ရေးကွပ်ကဲမှုဌာန ဒုတိယ အကြီးအကဲအဖြစ် လောလောဆယ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
သတင်းတွေအရ ရေတပ် သေနာပတိချုပ် ရာထူးအတွက် သေနာပတိ ဆမ်မြူရယ် ပက်ပါရိုကို ခန့်အပ်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်ဒ် အော်စတင်က ဘိုင်ဒန်ကို အကြံပြုခဲ့ကြောင်း သိရပါတယ်။ ပက်ပါရိုဟာ လက်ရှိ ပစိဖိတ် ရေတပ်မကြီးကို ကြီးမှူးနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ကတော့ ပက်ပါရိုကို အင်ဒို-ပစိဖိတ် ရေတပ်ကြီး တခုလုံးရဲ့ သေနာပတိ နေရာမှာ ပြောင်းလဲခန့်အပ်ဖို့ပဲ အဆိုပြုခဲ့ပါတယ်။
ရေတပ် ရာထူးသစ်တွေ ခန့်အပ်ရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အဆိုပြုချက်တွေကို အမေရိကန် လွှတ်တော်မှာ အဆုံးအဖြတ် ခံယူသွားမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း ဖရန်ချက်တီဟာ ရာထူးက အနားယူတော့မယ့် လက်ရှိ သေနာပတိချုပ် မိုက်ကယ် ဂီလ်ဒေးရဲ့ နေရာမှာ ယာယီ သေနာပတိချုပ်အဖြစ် ဩဂုတ် လဆန်းကစနေ စတင် တာဝန်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ အဓိက လက်နက်ကိုင် တပ်တွေထဲမှာ အမျိုးသမီး တချို့ဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ရာထူးနေရာတွေ ရရှိထားပေမယ့် ဘယ်တုန်းကမှတော့ ထိပ်ဆုံးအဆင့် ဦးစီး အရာရှိအဖြစ် ခန့်အပ်ခံရတာမျိုး မရှိဖူးသေးပါဘူး။ အမျိုးသမီး သေနာပတိ တဦးဖြစ်တဲ့ လင်ဒါ ဖာဂန်ဟာ လောလောဆယ်မှာ အမေရိကန် ကမ်းခြေစောင့်တပ်ကို ဦးဆောင်နေပေမယ့် ကမ်းခြေစောင့်တပ်ဟာ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန လက်အောက်မှာသာ ရှိနေပြီး ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ဆက်စပ်မှု မရှိကြောင်းလည်း သိရပါတယ်။