မောင်တောမှာ စစ်ကောင်စီလက်အောက်ခံ ရဲသုံးဦး ထပ်မံထွက်ပြေး

ဇူလိုင်၊ ၂၁
 
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ နယ်မြေခံရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲအရာရှိ တဦးကို စစ်ကောင်စီတပ်က ရခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးသွားပြီးနောက် အဲ့ဒီစခန်းက ရဲ သုံးဦး ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က အဲ့ဒီရဲအရာရှိကို ဝန်ထမ်း လိုင်းခန်းထဲအထိ ဝင်ရောက် ဖမ်းဆီးခဲ့တဲ့နောက် အဲဒီနေ့မှာပဲ အဲဒီစခန်းက နောက်ထပ်ရဲသုံးဦး ထွက်ပြေးသွားခဲ့ကြတာလို့ မောင်တောမြို့နယ်က အမည်မဖော်လိုတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦးက DNA ကို ပြောပါတယ်။
 
“ AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ အကြောင်းပြပြီး ဖမ်းဖို့လုပ်တာပါ၊ အဲ့လို အချင်းချင်း အပြစ်ရှာနေတာကြာပြီ၊ အဲ့လိုဖမ်းဖို့လုပ်တော့ ကျန်တဲ့သူတွေလည်း အဖမ်းခံရမှာစိုးလို့ ပြေးသွားကြတာ၊ လွတ်သွားတယ်၊ မဟုတ်ရင် သူတို့လည်း အဖမ်းခံရမှာ၊ စစ်သား တရာလောက်က လာဖမ်းတာ ” လို့ အဲဒီဝန်ထမ်းက ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီတပ်သားတွေက မောင်တောမြို့ အနီးတဝိုက်မှာ ထွက်ပြေးသွားတဲ့ ရဲတွေကို လိုက်လံရှာဖွေတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်ကလည်း မောင်တောမြို့နယ်မှာရှိတဲ့ ငါးခူရ နယ်ခြားစောင့်ရဲစခန်းက စခန်းမှူး အပါအဝင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ငါးဦး ထွက်ပြေးသွားခဲ့ကြပါသေးတယ်။
 
ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့ပါအဝင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတွေ အပါအဝင် စစ်ကောင်စီတပ်သားတွေဟာ မကြာခဏ ထွက်ပြေးနေကြပြီး လက်နက်တွေနဲ့အတူ ထွက်ပြေးကြသူတွေလည်း ရှိနေတာဖြစ်ပါတယ်။
 
“ ခဏခဏပြေးကြတာပဲ၊ အများစုက လက်နက်တွေပါ ရသွားကြတယ်၊ ပုံမှန်ဆိုရင် နယ်ခြားစောင့် ရဲစခန်းတခုမှာ အင်အားက ရာချီရှိတယ်၊ အခုက တရာမပြောနဲ့ ငါးဆယ်တောင် မပြည့်တော့ဘူး၊ ထွက်ပြေးတဲ့သူ ပြေး၊ တိုက်ပွဲမှာ သေတဲ့သူ သေနဲ့ ဘယ်လောက်မှ မကျန်တော့ဘူး၊ ပြီးတော့ ဒီဘက်မှာက ရဲတွေဆိုတာ စစ်သားတွေပဲ ” လို့ မောင်တောမြို့နယ်က စစ်ကောင်စီ တပ်သားဟောင်းတဦးက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံတွေ အခုလို ထွက်ပြေးကြတာဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းချင်တော့တာ ကြောင့်ဖြစ်ပြီး တပ်တွင်းစည်းရုံးမှုတွေ ပြိုကွဲနေတာ သိသာစေတဲ့ အခြေအနေလို့ သုံးသပ်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
“ ဘယ်သူ့မှ မနေချင်ကြတော့ဘူး၊ အခွင့်အရေး ရရင် ရသလို ပြေးနေကြတာ၊ အရင် ရခိုင်တိုက်ပွဲတွေကတည်းက ပြေးကြတာတွေ ရှိတယ်၊ အခု အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးတာပေါ့ ” လို့ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်သားဟောင်းတဦးက ပြောပါတယ်။
 
စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ တကျော့ပြန်တိုက်ပွဲ အပစ်ရပ်ပြီးနောက်ပိုင်း တနှစ်မပြည့်ခင် ကာလအတွင်းမှာတင် ရခိုင်ပြည်နယ်မှာ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်သားနဲ့ ရဲအင်အား ငါးဆယ်ဝန်းကျင်လောက်အထိ ရှိနိုင်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေက ခန့်မှန်းကြပါတယ်။
 
ရခိုင်မှာ အရင်တိုက်ပွဲကာလတွေတုန်းကလည်း စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ လက်နက်တွေနဲ့အတူ ထွက်ပြေးပြီး AA တပ်စခန်းတွေဆီမှာ သွားရောက်ခိုလှုံတာတွေ ရှိခဲ့ပါတယ်။
 
အဲဒီလို ထွက်ပြေးခိုလှုံလာကြတဲ့ စစ်ကောင်စီတပ်သားပေါင်း တရာကျော်အထိ ရှိနေတယ်လို့ AA ပြောခွင့်ရ ဦးခိုင်သုခက ၂၀၂၂ ခု ဇွန်လက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
 
လက်ရှိ ရခိုင့်တပ်တော် AA ဆီမှာ ခိုလှုံနေတဲ့ စစ်ကောင်စီလက်အောက်ခံဦးရေ ဘယ်လောက်အထိ ရှိနေတယ်ဆိုတာကိုတော့ AA က ထုတ်ဖော်ပြောဆိုထားတာ မရှိသေးပါဘူး။
 
ဓာတ်ပုံ – Google