မိသားစုဝင်တွေကို သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသားကို ဖမ်းဆီးထားတယ်လို့ TNLA ပြော

ဇူလိုင်၊ ၂၁
 
ရှမ်းပြည်နယ်၊ နမ့်ခန်းမြို့နယ်အတွင်းက ဒေသခံအမျိုးသားတဦးဟာ သူ့ရဲ့မိသားစုဝင်တွေကို ပိုးသတ်ဆေးခတ်ပြီး သေကြောင်းကြံစည်ခဲ့တာကြောင့် ဖမ်းဆီးထားတယ်လို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA က မနေ့က ထုတ်ပြန်ထားပါတယ်။
 
နမ့်ခမ်းမြို့နယ် လွယ်ဟွမ်အုပ်စု၊ တာပုံကျေးရွာမှာ နေထိုင်တဲ့ အသက်လေးဆယ်ကျော်အရွယ် ဦးမြအေးဆိုသူဟာ အခုလ ၁၂ ရက်က မိသားစုဝင်တွေကို သေစေဖို့ ကြံစည်ခဲ့ကြောင်း တိုင်ကြားချက်အရ သွားရောက်ဖမ်းဆီးခဲ့တာလို့ TNLA ထုတ်ပြန်ချက်က ဆိုပါတယ်။
 
ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ မိသားစုဝင်တွေစားသုံးတဲ့ ဆီတို့ဟူးဗူးထဲ ပိုးသတ်ဆေးရည်တွေ လောင်းထည့်ပြီး မိသားစုဝင်တွေ သေစေဖို့ ကြံစည်လုပ်ဆောင်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါပေမယ့် ဇူလိုင် ၁၂ ရက်က မိသားစု ညစာစားချိန်မှာ ဆီတို့ဟူးထည့်ဖို့ ပြင်ရာက ပုံမှန်ထက် အရောင်ပြောင်းနေတာကို သတိထားမိပြီး စစ်ဆေးခဲ့ရာက ဖမ်းဆီးခံထားရတဲ့ အမျိုးသားရဲ့ အိပ်ယာအတွင်းကနေ ပိုးသတ်ဆေးဗူး တွေ့ခဲ့တာလို့ ဆိုပါတယ်။
 
ဒါကြောင့် ကျေးရွာလူကြီးတွေကို စစ်ဆေးခိုင်းချိန်မှာ အဲ့ဒီအမျိုးသားက ဝန်ခံခဲ့တာကြောင့် ကျေးရွာ ဥက္ကဌက TNLA အုပ်ချုပ်ရေးဌာနကို ဆက်လက်တိုင်ကြားတာကြောင့် အဲ့ဒီနေ့မှာပဲ သွားရောက်ဖမ်းဆီးခဲ့တာလို့ သိရပါ တယ်။
 
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ လက်ရှိမှာ အဲ့ဒီအမျိုးသားကို TNLA အုပ်ချုပ်ရေးဌာန အမှတ် (၁)တိုက်နယ် အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ TNLA ထုတ်ပြန်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – TNLA