ဇူလိုင်၊ ၂၁
စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တချို့က စစ်ဘေးရှောင်ပြည်သူတွေဟာ ရာသီတုပ်ကွေးရောဂါ ဖြစ်သူ များပြားနေပြီး ဆေးဝါးမလုံလောက်တာနဲ့ ကုသမှုခံယူဖို့ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမိုးရာသီကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကို စစ်ဘေးရှောင်တွေလည်း ခံစားနေကြရတာဖြစ်ပြီး နေ့စဉ်လူဦးရေ နှစ်ဆယ်ကျော်ကို ကုသပေးနေရတယ်လို့ ဆားလင်းကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေကို ဆေးဝါးကုသပေးနေတဲ့ ဆရာဝန်တဦးက DNA ကို ပြောပါတယ်။
“ အဖြစ်များတဲ့ သူတွေက အသက် နှစ်ဆယ် နဲ့ လေးဆယ် ကြားအရွယ်တွေ တွေ့ရပါတယ်၊ ဆေးဝါးကတော့ အရမ်းကြီး ပြည့်စုံတယ်တော့ မရှိဘူးပေါ့၊ အဓိက ဆေးဝါးလိုအပ်ချက်တွေကတော့ ရှိတာပေါ့၊ လက်ရှိအချိန်ထိလည်း ရာသီတုပ်ကွေးက ဖြစ်ပွားတာရှိနေဆဲပါ၊ တုပ်ကွေးကတော့ ရာသီဥတုကြောင့်ဖြစ်ပြီးတော့ အခန်းတခုထဲမှာ တယောက်နဲ့တယောက် ထိစပ်မှုများလို့ဖြစ်တာတွေလည်း ရှိပါတယ်၊ မိသားစုလိုက်ဖြစ်တာတွေလည်း တွေ့ရတယ် ” လို့ အဲ့ဒီဆရာဝန်က ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးမီးရှို့မှုတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ထောင်ဂဏန်းကျော်ဟာ စစ်ရှောင်စခန်း လေးခုမှာ တိမ်းရှောင်နေထိုင်နေကြရပါတယ်။
အဲဒီလို စစ်ဘေးရှောင်စခန်းတွေမှာ ရာသီတုပ်ကွေး ဖြစ်ပွားသူတွေလည်း ရှိနေသလို သွေးတိုး၊ ဆီးချိုလို တခြားရောဂါတွေနဲ့ ကလေးလူနာတွေ အပါအဝင် နေ့စဉ် လူနာပေါင်း ၆၀ ကျော်နဲ့ ၈၀ ဝန်းကျင်ကို ဆေးဝါးကုသပေးနေရတယ်လို့လည်း သူကပြောပါတယ်။
အလားတူ ဝက်လက်မြို့နယ်ထဲမှာလည်း စစ်ဘေးရှောင်ပြည်သူအများအပြား ရာသီတုပ်ကွေးရောဂါ ဖြစ်နေကြသလို နယ်မြေထိစပ်နေတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ထဲက စစ်ရှောင်စခန်းတွေမှာတော့ ရာသီတုပ်ကွေးကြောင့် သေဆုံးသူတချို့ပါ ရှိနေတာလို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ စဉ့်ကူးနယ်ထဲက စစ်ရှောင်စခန်းတွေမှာ ဖျားနာပြီး သေဆုံးသွားတဲ့ သက်ကြီးရွယ်အို ငါးဦးလောက်ရှိနေပြီလို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဝက်လက်ဒေသခံက ပြောပါတယ်။
” စစ်တပ်က အိမ်တွေမီးရှို့သွားတော့ နေစရာအိမ်က မရှိနဲ့ ဖြစ်သလို နေထိုင်နေကြရတာ၊ ကျွန်တော်တို့ဒေသဘက်မှာ ရာသီတုပ်ကွေးကတော့ အခုထိဖျားနေကြတုန်းပဲ၊ ဆေးဝါးကလည်း လုံလောက်မှု မရှိဘူး။ ရာသီဥတုကလည်း မိုးအုံ့လိုက် နေက အရမ်းပူလိုက်နဲ့ ဖြစ်နေတာ ” လို့ သူက ပြောပါတယ်။
ခင်ဦးမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်တွေဟာလည်း စစ်ဘေးတိမ်းရှောင်နေရင်း ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်နေပေမယ့် ငွေကြေးမပြည့်စုံတာနဲ့ သွားလာရေး ခက်ခဲတာတွေကြောင့် ကုသမှု အလုံအလောက်မရကြဘူးလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ကိုနေသူရက ပြောပါတယ်။
“ ဖျားနာတာကို ကုသလို့ပျောက် ကင်းတယ်ဆိုတာ သိပေမယ့် ငွေကြေးအခက်အခဲကြောင့် ထိထိရောက်ရောက် မကုသနိုင်တာတွေလည်း ရှိတယ်၊ မြို့နယ်ကျန်းမာရေးဌာန (NUG)က အခမဲ့ဆိုပြီး လာတာမျိုး မရှိဘူး၊ မြို့နယ်ဆေးအဖွဲ့ဆိုတာတော့ ရှိတယ်၊ သူတို့ကလည်း စစ်ရှောင်စခန်းကို လာကုပေးတာမျိုး မဟုတ်ဘူး၊ သူတို့ အထိုင်ရှိတဲ့ နေရာဆီကို သွားကုရတာ၊ ကျွန်တော်တို့ စစ်ရှောင်တဲ့နေရာမှာ ဖျားနေတယ်ဆိုရင် အဲ့ဒီစစ်ရှောင်တဲ့နေရာကို သူတို့မလာနိုင်ဘူး၊ သူတို့ မလာတဲ့အတွက် သူတို့ရှိတဲ့ဆီကို သွားကုဖို့ကလည်း စစ်ကြောင်းတွေနဲ့ဆိုတော့ ဒေသခံတွေအတွက် အဆင်မပြေဘူးပေါ့ ” လို့ သူကပြောပြပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေတာကြောင့် ခင်ဦးဒေသခံပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရပြီး လယ်ယာစိုက်ပျိုးရေးလည်း မလုပ်နိုင်တာကြောင့် ကျန်းမာရေးအခက်အခဲနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေကြရတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြားမှာ စစ်ဘေးရှောင်နေရသူတွေနဲ့ အချိန်မီဆေးကုသမှု ခံယူဖို့ ခက်ခဲတဲ့ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ကျင့်သုံးဖို့ လိုအပ်ပြီး ရောဂါအခံရှိသူတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ပိုမိုဂရုစိုက်ဖို့ လိုတယ်လို့ အွန်လိုင်းစနစ်နဲ့ ကျန်းမာရေးကုသမှုပေးနေတဲ့ တယ်လီကျန်းမာက ဒေါက်တာဆုတောင်းပြည့်က အကြံပြုပါတယ်။
“ အထူးသဖြင့် ဖျားနာနေတဲ့သူဆိုရင် သီးသန့်ခွဲထားတာမျိုးပေါ့၊ တုပ်ကွေးက ခြောက်ပေအတွင်းမှာ ကူးစက်နိုင်တာကြောင့် ခြောက်ပေအကွာကနေ နေပေးဖို့ပေါ့၊ ကိုယ်ကိုယ်တိုင်ဖျားနေတယ်ဆိုရင်လည်း သီးသန့်လေး ခွဲနေဖို့လိုတယ်၊ အဓိကက ဖျားတဲ့နာတဲ့သူတွေက နှာချေ ချောင်းဆိုးတဲ့အခါမှာ ပါးစပ်နဲ့နှာခေါင်းကို လုံအောင်ဖုံးအုပ်ပြီးမှ နှာချေချောင်းဆိုးရမယ်ပေါ့၊ လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးရမယ်၊ အဲဒါကတော့ ဖျားတဲ့သူရော မဖျားတဲ့သူပါ ဂရုစိုက်လိုက်နာပေးဖို့ လိုပါတယ် ” လို့ သူကပြောပါတယ်။
ဓာတ်ပုံ – Pyay Kyaw