စစ်ကောင်စီက စင်ကာပူမှာ အပ်ထားတဲ့ ဒေါ်လာလေးဘီလီယံကျော်ကို ထုတ်သုံးမရအောင် NUG ကြိုးပမ်းနေ

ဇူလိုင်၊ ၂၁
 
အာဏာသိမ်းစစ်ကောင်စီက စင်ကာပူနိုင်ငံရဲ ဘဏ်သုံးခုမှာ အပ်နှံထားတဲ့ အမေရိကန်ဒေါ်လာ ၄ ဒဿမ၂ ဘီလီယံကျော်ကို ပြန်လည်ထုတ်သုံးလို့ မရအောင် ကြိုးပမ်းနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၊ စီမံကိန်း ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်
 
” အကြမ်းဖက်စစ်တပ်က ဒီဟာကို ထုတ်ယူသုံးစွဲခွင့် မရအောင် ကျနော်တို့ ကြားကာလ ဗဟိုဘဏ်အနေနဲ့ ကျနော်တို့ရဲ့အကြံပေး မစ္စတာရှောင်တာနယ်တို့နဲ့အတူ တိုင်ပင်ပြီးတော့ ဒီကိစ္စတွေကို လုပ်သင့်လုပ်ထိုက်တဲ့ တရားဝင်လမ်းကြောင်းကနေပြီးတော့လည်း ချိတ်ဆက်ပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ် ” လို့ ဦးတင်ထွန်းနိုင်က ပြောကြားခဲ့ပါတယ်။
 
အမျိုးသားညွတ်ညွတ်ရေးအစိုးရက တည်ထောင်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (PSB) နဲ့ပတ်သက်ပြီး ဇူလိုင်လ ၂၀ ရက် မနေ့ကကျင်းပတဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တဦးမေးမြန်းတာကို ဖြေကြားရာမှာ ထည့်သွင်းပြောကြားတာပါ။
 
အမေရိကန်အစိုးရက ဇွန်လ ၂၁ ရက်က အရေးယူထားတဲ့ ဘဏ်နှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် MICB ဘဏ်သာမက ဗဟိုဘဏ်တို့က စင်ကာပူဘဏ်သုံးခုမှာ Corresponding Account နဲ့ အပ်နှံထားတာလို့ သိရပါတယ်။
 
Corresponding Account ဆိုတာဟာ ဘဏ်လုပ်ငန်းအဖွဲ့တခုက အပ်ငွေလက်ခံယူဖို့၊ ကိုယ်စားငွေပေးချေမှုတွေ ပြုလုပ်ဖို့ ဒါမှမဟုတ် အခြားဘဏ္ဍာရေးအဖွဲ့အစည်းတခုကို ငွေကြေးလွှဲပြောင်းမှု ဆောင်ရွက်နိုင်ဖို့ အခြားဘဏ်လုပ်ငန်းအဖွဲ့အစည်းတခုမှာ ဖွင့်လှစ်ထားတာကို ခေါ်ဆိုတာပါ။
 
အဲဒီလို အကောင့်ဖွင့်လှစ် အပ်နှံထားတဲ့ နိုင်ငံတော်အရန်ငွေတွေကို စစ်ကောင်စီဘက်က လက်လှမ်းမှီ ထုတ်ယူသုံးစွဲနေတာတွေလည်း ရှိလို့ အဲဒီလို မသုံးစွဲနိုင်အောင် ကြိုးစားနေတယ်လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
 
” နိုင်ငံခြားအရန်ငွေတွေက အကြမ်းဖက်စစ်တပ် သုံးစွဲပိုင်ခွင့် မရှိပါဘူး။ သို့သော် အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ ဗဟိုဘဏ်တို့ကနေပြီးတော့ ဒီငွေတွေကို လက်လှမ်းမှီပြီး သုံးစွဲနေတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ ဒီငွေတွေသည် ပြည်သူလူထု ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေ ဖြစ်တယ်၊ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လက်ဝယ်ကို မရောက်အောင် ကျနော်တို့ ကြားကာလဗဟိုဘဏ်ကနေပြီးတော့ နိုင်ငံတကာက သက်ဆိုင်ရာ ငွေရေးကြေးရေး အာဏာပိုင်အဖွဲ့အစည်းတွေကို ကျနော်တို့ ချိတ်ဆက်ပြီးတော့ ဆောက်ရွက်လျက်ရှိတယ် ” လို့ သူကပြောပါတယ်။
 
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကတော့ စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က အာဏာမသိမ်းခင်ကာလမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားအရန်ငွေဟာ ၆ ဒဿမ ၇ ဘီလီယံရှိတယ်လို့ ပြောထားပါတယ်။
 
အလားတူပဲ အမေရိကန်အစိုးက ထိန်းချုပ်ထားတဲ့ နိုင်ငံတော်အရန်ငွေဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံလောက်ကိုလည်း ပြန်လည်ရရှိနိုင်အောင် ကြားကာလဗဟိုဘဏ်အနေနဲ့ ကြိုးပမ်းနေတာရှိပေမယ့် တော်လှန်ရေးအင်အားစုတွေ ပြတ်ပြတ်သားသားနိုင်တဲ့ အနေအထားရောက်မှ ရနိုင်မယ်လို့လည်း ပြောပါတယ်။
 
” လတ်တလောမှာတော့ အဲဒီလိုအခြေအနေအထိ မရောက်သေးဘူးလို့ ကျနော့်အနေနဲ့ ရိုးရိုးသားသား ပြောရမှာဖြစ်ပါတယ် ” လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
 
ဒါပေမယ့် အဲဒီငွေတွေပြန်လည်ရရှိဖို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တရားဝင်နည်းလမ်းတွေနဲ့ ကြိုးပမ်းနေသလို ရရှိဖို့ အခြေအနေဖြစ်ပေါ်လာရင် အဆင်သင့်ဖြစ်အောင် ကြားကာလဗဟိုဘဏ်နဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် စတာတွေကို ပြင်ဆင်ဆောင်ရွက်တာလို့လည်း ဆက်လက်ပြောကြားပါတယ်။
 
ကြားကာလဗဟိုဘဏ်ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ခွင့်ပြုချက်အမိန့်နဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ဦးတင်ထွန်းနိုင်က ဥက္ကဌ၊ သြစတြေးလျ စီးပွားရေးပညာရှင် မစ္စတာရှောင်တာနယ်က အကြံပေးအဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
 
” အဲတာတွေဟာ ဘယ်အချိန်မှာမှ ပိုအလားအလာကောင်းလာမလဲဆိုရင် ဒီတော်လှန်ရေးမှာ ကျနော်တို့ရဲ့ ဒီတော်လှန်ရေးအင်အားစုတွေက နိုင်နိုင်ခြေ၊ကျနော်တို့ ပြတ်ပြတ်သားသားနိုင်လာပြီဆိုတဲ့ အခြေအနေတွေရောက်ရင် ဒီငွေတွေက ပြည်သူတွေအတွက် ပြန်ပြီးစီးဝင်လာဖို့ ရှိပါတယ် ” လို့ ဦးတင်ထွန်းနိုင်က ပြောပါတယ်။
 
ဓာတ်ပုံ – Press