ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာမှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ဇူလိုင်၊ ၂၁
 
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ စစ်တောင်မြစ်အနောက်ဘက် ကမ်းပေါ်က နံဇကျေးရွာမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တာဝန်ရှိသူတဦးက ပြောပါတယ်။
 
” ထိတွေ့မှု ဆက်ဖြစ်နေတယ်။ လေယာဉ်ပါဝဲနေ (တယ်) ” လို့ ကျောက်တံခါးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တာဝန်ရှိသူက ဆိုပါတယ်။
 
ဇူလိုင်လ ၂၀ ရက် မနေ့က စတင်ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တပ်တွေတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ အဲဒီတာဝန်ရှိသူက ပြောပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ တိုက်ပွဲဖြစ်နေတုန်းမို့ မသိရဘူးလို့ ပြောပါတယ်။
 
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေ ထိခိုက်ကျဆုံးမှုနဲ့ အရပ်သားထိခိုက်မှု၊ ဒေသခံနေအိမ်တွေ မီးရှို့ဖျက်စီးခံရတာ ရှိ၊ မရှိ စတဲ့အချက်အလက်တွေကိုလည်း DNA သတင်းဌာနအနေနဲ့ မသိရသေးပါဘူး။
 
ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ် အခြေစိုတ် ခလရ (၂၆၄) ၊ ပဲနွယ်ကုန်း ရွှေဝါရောင်တပ်ရင်းနဲ့ ဖြူးမြို့နယ် အခြေစိုတ် ခမရ (၃၀၈) တို့မှ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်ဟာ နံဇကျေးရွာက နေအိမ်နှစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲတွေ စတင်ဖြစ်ပွားတာပါ။
 
ကျောက်တံခါးအခြေစိုက်စစ်ကောင်စီတပ်က နေ့စဉ်လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဇူလိုင်လ ၂၀ ရက် မနေ့ကအထိ နံဇကျေးရွာ အပါအဝင်ကျေးရွာပေါင်း ၃၇ ရွာက ဒေသခံ ၄၅၀၀ ကျော် စစ်ဘေးရှောင်နေရပါတယ်။
 
ဓာတ်ပုံ – Social Media