ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို ထောင်ငါးနှစ် ထပ်မံချမှတ်

ဇူလိုင်၊ ၂၁
 
ထောင်ဒဏ်ဆယ့်ငါးနှစ် ချမှတ်ခံထားရပြီးဖြစ်တဲ့ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ကိုဉာဏ်ဝင်းထက်ကို စစ်ကောင်စီက ဇူလိုင်လ ၂၀ ရက်မနေ့က အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ်ငါးနှစ် ထပ်ချခဲ့တယ်လို့ ဗကသများအဖွဲ့ချုပ်ထံကနေ သိရပါတယ်။
 
” ကျနော်တို့ သိရသလောက်ကတော့ သူက လက်နက်ကိုင်လုပ်ငန်းနဲ့ ဆက်စပ်တာ မရှိပါဘူး။ စစ်တပ်က အကြမ်းဖက်ပုဒ်မတွေ တပ်တာကတော့ သူတို့လုပ်နေကြအတိုင်းပဲ မတရားစွပ်စွဲတာပါပဲ ” လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးက DNA ကို ပြောပါတယ်။
 
အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ကိုဉာဏ်ဝင်းထက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး ကနေ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နဲ့ ထောင်ငါးနှစ် ထပ်ချခဲ့တာဖြစ်ပြီး နောက်ထပ်ရင်ဆိုင်ရမယ့်အမှုတော့ မရှိတော့ဘူးလို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကိုဉာဏ်ဝင်းထက်ကို ဒေါပုံမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်မှာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ)နဲ့တမှု ပုဒ်မ (၃)နဲ့က နှစ်မှု စုစုပေါင်းသုံးမှုနဲ့ တရားစွဲဆိုခဲ့ကြတာပါ။
 
အဲဒီနောက် စစ်ကောင်စီလက်အောက်ခံတရားရုံးက ကိုဉာဏ်ဝင်းထက်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှာ အကြမ်းဖက်ပုဒ်မ ၅၁ (ဂ)နဲ့ ထောင်ဒဏ်ရှစ်နှစ်၊ ပုဒ်မ (၃)နဲ့ ထောင်ဒဏ်ခုနနှစ် စုစုပေါင်း ထောင်ဒဏ် ဆယ့်ငါးနှစ် ချမှတ်ခဲ့တာပါ။
 
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ် ကျောင်းသားတဦးဖြစ်သူ ကိုဉာဏ်ထက်ဝင်းဟာ လက်ရှိ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပြီး ကျန်းမာရေးကောင်းမွန်သလို မိသားစုဝင်တွေနဲ့လည်း ထောင်ဝင်စာကနေတဆင့် အဆက်အသွယ်ရတယ်လို့ နီးစပ်သူတွေထံကနေ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်ကတော့ ကိုဉာဏ်ဝင်းထက်ကို ဖမ်းမမိတာကြောင့် သူ့ရဲ့ မိဘနှစ်ဦး အပါအဝင် မိသားစုဝင် ခုနစ်ဦးကို နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့ပြီး နှစ်ရက်အကြာမှာတော့ ပြန်လွှတ်ပေးခဲ့ပါတယ်။
 
စစ်ကောင်စီဟာ ကိုဉာဏ်ထက်ဝင်းလို ဗကသကျောင်းသားတွေအပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို အကြမ်းဖက်ပုဒ်မတွေနဲ့ စွပ်စွဲကာ မတရားဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်တာတွေကို ဥပဒေမဲ့ လုပ်ဆောင်နေပါတယ်။
 
” ဗကသကျောင်းသားတွေ အပါအဝင် နိုင်ငံတဝန်းက ပြည်သူလူထုကို မတရား အကြမ်းဖက်ဖမ်းဆီး ထောင်ချတာတွေ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ အားလုံးက ဖက်ဆစ်တပ်မှာ အပြည့်အဝ တာဝန်ရှိတယ်။ တပါတည်းပြောချင်တာက တော်လှန်ရေးသမားကို ဖမ်းဆီးထောင်ချရုံ အကြမ်းဖက်သတ်ဖြတ်ရုံနဲ့ တော်လှန်ရေးက ရပ်တန့်သွားမှာ မဟုတ်ဘူး ” လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တဦးက ပြောပါတယ်။
 
ဓာတ်ပုံ – ABFSU