ဇူလိုင်၊ ၂၀
ကမ္ဘာအမွေအနှစ် (ယူနက်စကို) စာရင်းဝင် ပုဂံဒေသရှိ နာမည်ကျော် အာနန္ဒာဘုရား အတွင်းက နှစ်ပေါင်း တထောင်နီပါး သက်တမ်းရှိတဲ့ ရုပ်ပွါးတော်တွေကို ဘုရားဂေါပကအဖွဲ့က ရွှေသင်္ကန်းကပ်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက DNA ကို အတည်ပြုပြောဆိုပါတယ်။
“ အခုက အနောက်ဖက် အပေါက်က ဝင်ဝင်ချင်နေရာတွေ လုပ်နေတာ၊ ကျန်တဲ့နေရာတွေ မလုပ်ရသေးဘူး၊ အဲနားမှာက ပြင်စရာ ဘာမှမရှိဘူး၊ ရွှေချဖို့ လုပ်နေတာပါ။ ဘုရားလေးဆူက ပတ်သွားရတာလေ၊ အဲဘုရားတော့ ဖူးမရတော့ဘူး၊ ကျန်တာတွေတော့ သွားရသေးတယ်၊ တဆူချင်းလုပ်မလားတော့ မသိဘူး “ လို့ ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
အာနန္ဒာဘုရားပုရဝုဏ်အတွင်းက ရုပ်ပွားတော်ကို ရွှေချဖို့ ဂေါပကအဖွဲ့ ဒီလအစောပိုင်းလောက်ကတည်းက ပြင်ဆင်နေပြီး ကန္ဓာကုဋီတိုက်အတွင်းက ရပ်တော်မူ ရုပ်ပွါးတော်ကြီး လေးဆူအနက် အနောက်ဖက်ရုပ်ပွါးတော်မှာ ဝါးငြမ်းဆင်တာတွေ လုပ်ထားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ဘုရားရုပ်ပွားတော်တွေဟာ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်တွေဖြစ်လို့ ဖြစ်နိုင်ရင် ရှေးဟောင်းအတိုင်းသာ ထားတာ အကောင်းဆုံးပဲလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေးဟောင်းသုတေသနပညာရှင် တဦးက သုံးသပ်ပါတယ်။
“ ရှေးဟောင်းပစ္စည်းကတော့ ဘာမှာမလုပ်ဘဲ ဒီအတိုင်းထားတာ ကောင်းတယ်။ တကယ်လို့ မလုပ်မဖြစ်ဘူးဆိုရင်လည်း ရတနာပုံခေတ်က အထူးပြောစရာမလိုဘူး ပုဂံခေတ်လက်ရာကတော့ မတို့မထိတာ ကောင်းတယ်။ အဲဒီမြောက်ဖက်က ဆင်တုတော်နဲ့ တောင်ဖက်ကဟာကတော့ ကြည့်ရတာ ရုပ်ဆိုးနေတာ မဟုတ်တော့ ဒီတိုင်းထားတာပဲ ကောင်းပါတယ်။ တကယ်ကျန်စစ်သားလက်ထက်ကလည်း လုပ်ခဲ့တဲ့ တောင်ဖက်နဲ့ မြောက်ဖက်ကတော့ ဘာမှမလုပ်တာကောင်းတယ် “ လို့ သူကဆိုပါတယ်။
အဲဒီဆင်တုတော် လေးဆူအနက် တောင်ဖက်နဲ့ မြောက်ဖက်မုခ်ရှိ ရုပ်ပွါးတော်ကြီးတွေဟာ ပုဂံခေတ် ၁၂ ရာစု လက်ရာတွေဖြစ်တဲ့အတွက် နှစ်ပေါင်း တထောင်နီးပါး သက်တမ်းရှိပြီး ဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
ဒါ့အပြင် အရှေ့ဖက်နဲ့ အနောက်ဖက်မုခ်ရှိ ရုပ်ပွါးတော်တွေကတော့ ၁၈ ရာစု ရတနာပုံခေတ်က ပြန်လည်အစားထိုးထားတဲ့ လက်ရာတွေဖြစ်တယ်လို့ ဆိုပါတယ်။
“ ရှေ့နဲ့ နောက်က ( ရုပ်ပွါးတော်) မီးလောင်တဲ့အထဲ ပါသွားတာပေါ့။ စာပေအရတော့ အနောက်ဖက်ကလည်း ကြေးဆိုတော့ မီးလောင်တော့ အရည်ပျော်သွားတယ်။ အရှေ့ဖက်က သစ်သားဆိုတော့ လောင်သွားတယ်။ အဲနှစ်ခုက ရတနာပုံခေတ်မှာ အစားထိုးထားတာပေါ့။ တောင်နဲ့မြောက်ကျတော့ ပုဂံဟန်ဗျ၊ ရှေးဟောင်းတန်ဖိုးပိုရှိတယ်။ ရှေးဟောင်းက မြိန်မြိန်လေးပဲ ကောင်းတယ်။ တောက်ပြောင်နေရင် ရှေးဟောင်းတန်ဖိုး လျော့တယ်။ ဆေးကျွတ်လည်း ကျွတ်တဲ့အတိုင်း၊ ပဲ့ရင်လည်း ပဲ့တဲ့အတိုင်း ထားတာ အကောင်းဆုံးပဲ “ လို့ သူကပြောပါတယ်။
အခုလို ရှေးဟောင်းဘုရားတွေကို ရွှေသင်္ကန်းကပ်တာနဲ့ပတ်သက်ပြီး စစ်အုပ်စုလက်အောက်ခံ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေ က ထိန်းသိမ်းတားဆီးတာ မရှိဘူးလို့ ရှေးဟောင်းသုတေသနပညာရှင် တဦးကလည်း သူရဲ့လူမူကွန်ယက်မှာ ဝေဖန်ရေးသားထားပါတယ်။
“ အာနန္ဒာဘုရား ဂေါပကတွေဟာ လွန်ခဲ့တဲ့ နှစ် ရှစ်ဆယ်လောက်ကတည်းက ဘုရားအတွင်းပိုင်းက ဆေးရေးလက်ရာတွေကို နှစ်စဉ် မှန်မှန်ထုံးသုတ်ဖျက်ဆီးလာခဲ့ကြသူတွေပါ “ လို့ သူက ရေးသားထားပါသေးတယ်။
လတ်တလော ပုဂံဒေသက ဘုရားတွေမှာ ရေဝင်ရောက်တဲ့အတွက် ထိခိုက်ပျက်ဆီးနေတာတွေကို မပြင်ဆင်ဘဲ ဘုရားရွှေချဖို့ လုပ်နေတာလို့ သူကဆိုပါတယ်။
“ တကယ်တမ်းပြောမယ်ဆိုရင် ပြုပြင်စရာတွေက အများကြီးရှိတယ်။ အမှန်မှာ ဘုရားထဲ ရေဝင်နေတာတွေ ရှိတယ်လေ။ မိုးတအားရွာရင် ရေကျန်တာတွေ ရှိတယ်၊ အဲဒါ့မျိုးတွေလုပ်တာ ပိုကောင်းပါတယ်။ မလိုတာတော့ မလုပ်တာဘဲ ကောင်းတယ် “ လို့ ရှေးဟောင်းသုတေသနပညာရှင် တဦးက သုံးသပ်ပါတယ်။
ဓာတ်ပုံ – Social Media