ဇူလိုင်၊၂၀
ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဇူလိုင် ၂၀ ရက် ဒီကနေ့ မနက်ပိုင်းကစတင်ပြီး ယာယီပိတ်ထားရာကနေ နေ့လယ်ပိုင်းမှာတော့ပြန်ဖွင့်ပေးခဲ့တယ်လို့ ရွှေဘိုသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
“ယနေ့နံနက်ပိုင်းမှာ မြေပြင်စစ်ရေးအခြေအနေအရ ယာယီသွားလာမှုပိတ်ပင်ထားတဲ့ ရွှေဘို-မန္တလေး လမ်းပိုင်းကို ပြန်လည်သွားလာလို့ရပါပြီ။ လိုက်နာပေးတဲ့ မိဘပြည်သူတယောက်ချင်းစီကို တော်လှန်ရေးအင်အားစုတွေကိုယ်စား အထူးကျေးဇူးတင်ဂုဏ်ယူမိတယ်”လို့ ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။
ဇူလိုင် ၂၀ ရက် မနက်ပိုင်းက ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ရွှေဘိုမြို့မှထွက်ခွာလာတဲ့စစ်ကြောင်းတွေဟာ ရွှေဘို-မန္တလေး လမ်းမပေါ်မှာရောက်ရှိနေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင့် အဆိုပါ လမ်းပိုင်းကို ယာယီပိတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“မနက်က ရွှေဘိုနဲ့ဝက်လက်နယ်ထဲက လမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်တွေက အများကြီးဖြစ်နေတာလေ။ ဒါကြောင့် ပြည်သူတွေအတွက်လည်း လမ်းပေါ်မှာသွားလာမယ်ဆိုရင် အများကြီးအန္တရာယ်များတယ်။ နောက်ပြီး ပြည်သူတွေလမ်းပေါ်မှာသွားလာနေတယ်ဆိုရင် စစ်ကောင်စီတပ်နဲ့လူမှားနိုင်တယ်လေ။ အဲဒါကြောင့် လမ်းကြောင်းပိတ်ရတဲ့သဘောပါ”လို့ Wetlet Information Network တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ရွှေဘို-မန္တလေးလမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတွေမရှိတော့တာကြောင့် အဲဒီလမ်းပိုင်းကို အများပြည်သူအသုံးပြုနိုင်အောင် ပြန်ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ရွှေဘို-မန္တလေး လမ်းပိုင်းပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား မကြာခဏတိုက်ပွဲဖြစ်ပွားမှုရှိတာကြောင့် အဆိုပါလမ်းပိုင်းအသုံးပြုနေတဲ့ ပြည်သူတွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက အသွားအလာယာယီတားမြစ်တဲ့ သတိပေးချက်တွေ မကြာခဏထုတ်ပြန်လေ့ရှိပါတယ်။