သနပ်ပင်မှာ စက်လှေမှောက်လို့ ကလေးနှစ်ဦးအပါအဝင်လေးဦးသေဆုံး

ဇူလိုင်၊၂၀

ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊ကျွဲဖြူချောင်းကျေးရွာအနီးက ချောင်းထဲမှာ မနေ့ကစက်လှေမှောက်လို့ ကလေးနှစ် ဦးအပါအဝင် စုစုပေါင်း လေးဦးသေဆုံးသွားတယ်လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကDNAကို ပြောပါတယ်။

“ဘုရားဖူးသွားကြတာ၊ကျွဲဖြူကျောင်းက ဆရာတော်ကိုလည်း ဝါဆို သင်္ကန်းကပ်ဖို့လည်း ပါတယ်၊စက်လှေ အရှိန် ကို မထိန်းနိုင်ဘဲမှောက်တာ၊ရေမကူးတတ်တဲ့ ကလေးနဲ့အမျိုးသမီး စုစုပေါင်း လေးဦးသေဆုံးတာပါ၊ဒီနေ့တော့ ရုပ် အလောင်းတွေကို သူတို့နေထိုင်ရာမြို့နယ်ကို ပို့ဆောင်ကူညီပေးခဲ့ပါတယ်လို့”ကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

စက်လှေမောင်းသူတဦးအပါအဝင် ခရီးသည် စုစုပေါင်း ၁၁ဦး လိုက်ပါလာတဲ့ အဲ့ဒီစက်လှေဟာ မနေ့က နေ့လယ် တနာရီဝန်းကျင်က ကျွဲဖြူချောင်းအတွင်းတိမ်းမှောက်ရာက လေးဦးသေဆုံးသွားတာလို့သိရပါတယ်။

သေဆုံးသူတွေထဲက နှစ်ဦးဟာ အသက်လေးနှစ်နဲ့ ဆယ်နှစ်အရွယ် မိန်းကလေးတွေဖြစ်သလို နောက်ထပ်နှစ်ဦး ကလည်း ၁၅နှစ်အရွယ်  ဆယ်ကျော်သက်မိန်းကလေးတဦးနဲ့ အသက်ငါးဆယ်အရွယ် အမျိုးသမီးတဦးတို့ဖြစ် တယ်လို့ ဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

 သေဆုံးသူတွေဟာ ရန်ကုန်မြို့ တောင်ဒဂုံနဲ့ သာကေတမြို့နယ်မှာနေထိုင်သူတွေဖြစ်ပြီးဆွေးမျိုးတော်စပ်သူတွေဖြစ်တယ်လို့ သိရပါတယ်။

 သူတို့ရဲ့ရုပ်အလောင်းတွေကို ဒေသခံ လူမှုကူညီရေး အသင်းတွေဖြစ်တဲ့ ကလျာဏမိတ္တလူမူကူညီရေး အသင်း၊သာမဏေကျော် လူမူကူညီရေးအသင်း၊ သနပ္ပင်စေတနာရှင်လူမူကူညီရေးအသင်းတို့က ဒီကနေ့မနက်ပိုင်းမှာ တောင်ဒဂုံ ကျီစုသုဿန်ကိုကို့ ပေးခဲ့တယ်လို့ အဲ့ဒီအသင်းတွေက ဖော်ပြထားပါတယ်။ 

စက်လှေပေါ်မှာ လိုက်ပါလာသူ ၁၁ဦးထဲက နောက်ထပ် ခုနစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့ပြီး လက်ရှိမှာ စက်လှေ မောင်းနှင်သူဟာ သနပ်ပင်မြို့နယ် ရဲစခန်းမှာ လူသေမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သနပ်ပင်မြို့နယ် ဒေသခံ တွေကပြောပါတယ်။