ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ပြီးနောက် PDF တွေနဲ့တိုက်ပွဲပြင်းထန်နေ

ဇူလိုင် ၊ ၂၀

ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းပေါ်က နံဇကျေးရွာ ကနေအိမ်နှစ်ဆယ် ကျော်ကို  စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားပြီး လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့ ကျောက်တံခါးမြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFတာဝန် ရှိသူတဦးကပြောပါတယ်။

“လောလောဆယ် ထိတွေ့မှုက မပြီးသေးလို့ အခြေနေ မသိရသးဘူး” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။

ဇူလိုင်လ ၂ဝရက်ဒီကနေ့ မနက် ၆ နာရီ ကျော်မှာ ညောင်းလေးပင်မြို့နယ် ၊ပိန်းဇလုပ်အခြေစိုတ် ခလရ ၂၆၄၊ပဲနွယ်ကုန်း ရွှေဝါရောင်တပ်ရင်းနဲ့  ဖြူးမြို့နယ်အ‌ခြေစိုတ် ခမရ ၃၀၈တို့မှ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်ဟာ နံဇကျေးရွာက နေအိမ်တွေကို  မီးရှို့ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ KNU တပ်မဟာ ၃ ရဲ့ ဒေသခံတပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ နံဇ ကျေးရွာက နေအိမ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF  )တွေ ခိုအောင်းနေပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရပ်သားနေအိမ် နှစ်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ နံဇကျေးရွာရှိ အရပ်သားတွေဆီက  ငွေကျပ် ၃၈ သိန်းနဲ့ ဖုန်း၁၁ လုံးကိုလည်း လုယူသွားတယ်လို့လည်း ထုတ်ပြန်ချက်အရသိရပါတယ်။

အင်အား ၁၅၀ ကျော်လောက်ပါတဲ့ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကြား တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေနေတွေကိုတော့ အသေးစိတ် မသိရသေးဘူးလို့ ကျောက်တံခါးPDF တာဝန်ရှိသူက ပြောပါတယ်။

ကျောက်တံခါးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်က နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် နံဇကျေးရွာအပါဝင် ကျေးရွာပေါင်း ၃၇ ရွာက ဒေသခံ ၄၅၀၀ ကျော်စစ်ဘေးရှောင်နေရတယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ ဒေသခံအရပ်သား ၁၇ ဦးကို ဖမ်းဆီးသွားတယ်လို့ပြည်တွင်းသတင်းမီဒီယာတချို့မှာဖော်ပြထားပေမယ့် DNAသတင်းဌာနအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့ ၊ညပိုင်း က ရန်ကုန်မန္တလေး  လမ်းဟောင်းမိုင်တိုင် အမှတ် ၁၀၁ အနီးက KTV ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲနှစ်ဦးနဲ့ သတင်းပေးနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရခဲ့တယ်လို့ ကျောက်တံခါး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo_KNUတပ်မဟာ ၃