ဇူလိုင် ၊ ၂၀
ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ ပြိုင်ပွဲမှာ စင်ကာပူက ဂျပန်ကို နောက်ကောက်ချပြီး ထိပ်ဆုံးနေရာကို တက်လှမ်းလာပါတယ်။
Henley Passport Index ညွှန်ကိန်းတွေမှာ အခုအခါ စင်ကာပူဟာ ကမ္ဘာ့ဩဇာအကြီးမားဆုံး ပတ်စ်ပို့တ် ဖြစ်လာပြီး ဂျပန် ပတ်စ်ပို့တ်ကို နန်းချလိုက်တာ တွေ့ရပါတယ်။ ပတ်စ်ပို့တ်တွေရဲ့ ဩဇာကြီးမားမှု ဆိုတာက နိုင်ငံအရေအတွက် ဘယ်လောက်များများကို ဗီဇာကင်းလွတ် ဝင်ရောက်ခွင့် ရနိုင်သလဲ ဆိုတာကို တိုင်းတာထားတာ ဖြစ်ပါတယ်။
စင်ကာပူ ပတ်စ်ပို့တ် ကိုင်ဆောင်ထားသူတွေဟာ သတ်မှတ် နိုင်ငံနဲ့ နယ်မြေ ၂၂၇ ခုထဲက ၁၉၂ ခုကို ဗီဇာမလိုဘဲ သွားလာနိုင်ပါတယ်။ ဩဇာအကြီးဆုံး ပတ်စ်ပို့တ် စာရင်းမှာ နံပါတ် ၁ အဖြစ် ၅ နှစ်လောက်ဆက်တိုက် ဦးဆောင်ခဲ့တဲ့ ဂျပန်ဟာ ထိပ်ဆုံးနေရာကနေ ဖယ်ပေးလိုက်ရတဲ့အပြင် ဒုတိယ နေရာမှာတောင် မရှိတော့ပါဘူး။ ဒုတိယ နေရာကို နိုင်ငံနဲ့ နယ်မြေပေါင်း ၁၉၀ ဆီ ဗီဇာမလိုဘဲ သွားလာနိုင်တဲ့ ဂျာမနီ၊ အီတလီနဲ့ စပိန် ပတ်စ်ပို့တ်တွေက ပူးတွဲ သိမ်းပိုက်ထားတာကြောင့်ပါ။
ဂျပန်နဲ့ ဩစတြေးလျ၊ ပြင်သစ်၊ ဖင်လန်၊ လူဇင်းဘက်ဂ်၊ တောင်ကိုရီးယား၊ ဆွီဒင် ပတ်စ်ပို့တ်တွေကတော့ နိုင်ငံနဲ့ နယ်မြေ ၁၈၉ ခုဆီ ဗီဇာကင်းလွတ် သွားရောက်နိုင်ပြီး ပူးတွဲ တတိယအဖြစ် ရှိနေကြပါတယ်။
အမေရိကန် ပတ်စ်ပို့တ်ကတော့ ဗီဇာမဲ့ သွားလာနိုင်တဲ့ ၁၈၄ နေရာရှိပြီး နံပါတ် ၈ နေရာမှာ လစ်သူယေးနီးယားနဲ့အတူ ပူးတွဲ ရပ်တည်နေပါတယ်။ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ၂၀၁၄ တုန်းက ကမ္ဘာ့ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်ပိုင်ရှင် နိုင်ငံတွေ ဖြစ်ခဲ့ဖူးပေမယ့် အဲဒီနောက်ပိုင်း ဆက်တိုက် အကျပိုင်းကို ဦးတည်နေခဲ့တာပါ။
အားအနည်းဆုံး ပတ်စ်ပို့တ်ပိုင်ရှင် ၃ နိုင်ငံကတော့ ဆီးရီးယား၊ အီရတ်နဲ့ အာဖဂန် နစ္စတန်တို့ဖြစ်ပြီး ဗီဇာကင်းလွတ်ခွင့် ရတဲ့ နိုင်ငံအရေအတွက်တွေက ၃၀၊ ၂၉ နဲ့ ၂၇ ခုစီသာ အသီးသီး ရှိနေကြပါတယ်။