ကျောက်မျက်ရောင်းဝယ်သူတွေ လိုင်စင်လုပ်ဖို့ ဖိအားပေးတာဟာ စစ်အုပ်စုငွေရှာတာလို့ဝေဖန်

ဇူလိုင်၊ ၁၉

နိုင်ငံတဝန်းက တပိုင်တနိုင် ကျောက်မျက်ရတနာ အရိုင်း၊ အချောရောင်းဝယ်သူတွေကိုပါ လိုင်စင်ပြုလုပ်ဖို့ စစ် ကောင်စီက ဖိအားပေးခိုင်းစေလာတာဟာ သူတို့အတွက် ဝင်ငွေရဖို့ ဦးတည်တဲ့ လုပ်ရပ်တခုသာဖြစ်တယ်လို့ ကျောက်မျက်လုပ်ငန်းအသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။

“ပွဲစားဆိုတာ ကျောက်ပိုင်တဲ့သူဆီက ယူပြီးသူကျောက်ရောင်းရဖို့ လိုက်စပ်ပေးရတဲ့သူလေ၊ဒီလိုသူတွေပါ လိုင်စင် လုပ်ခိုင်းတာပေါ့၊မန်းလေးကျောက်ဝိုင်းမှာဆိုရင် အဲလိုပွဲစားတွေအများကြီးလေ၊အဲဒါ့တွေအကုန်လိုင်စင်လုပ်ဆိုရင် သူတို့ငွေဘယ်လောက်ရမလဲတွက်သာကြည့်တော့၊ကျောက်ဖျက်လုပ်ငန်းတွေ ကျောက်သွေးခုံတွေ အကုန်လုပ် ရ မှာပဲ” လို့ မန္တလေးမြို့က ကျောက်မျက်လုပ်ငန်း လုပ်ကိုင်သူတဦးကပြောပါတယ်။

စစ်အုပ်စုလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာကျောက် မျက်ရ တနာ ဥပဒေအရဆိုကာအခုလ လလယ်ပိုင်းကစလို့ ကျောက်မျက်ရတနာ အရိုင်း၊ အချောရောင်းဝယ်ရေး လုပ် ငန်းလိုင်စင်ကို အခွန်ငွေ ပေးဆောင်စေပြီး လုပ်ခိုင်းနေတာပါ။

“အရောင်းအဝယ်လုပ်တဲ့သူမှန်သမျှ အကုန်လုပ်ခိုင်းတာပါ၊ပွဲစားတွေရောပါတယ်၊အရင်တုန်းကတော့ ကုမ္ပဏီ တွေပဲ လိုင်စင်ချပေးတာ၊အခုကျတော့ တဦးချင်းလိုင်စင်လုပ်ခိုင်းတာပါ၊တနိုင်ငံလုံးက ကျောက်သမားတွေကို လုပ်ခိုင်းတာ “ လို့ ကျောက်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ တဦးကပြောပါတယ်။

ကျောက်မျက်ရတနာ အရိုင်းကို အချောထည်ပြုလုပ်တဲ့ လုပ်ငန်းတွေအပါအဝင် ကျောက်မျက်နဲ့ ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာတွေ ကျောက်မျက် အချောနဲ့ အရိုင်းကို အရောင်းအဝယ်ပြုလုပ်သူမှန်သမျှကို စစ်ကောင်စီလိုင် စင်လျှောက်ခိုင်းတာလို့ဆိုပါတယ်။

အဲဒီလိုင်စင်ကို သက်ဆိုင်ရာမြို့နယ်အလိုက် ကျောက်မျက်လိုင်စင် ရုံးတွေမှာ ပြုလုပ်ရမှာဖြစ်ပြီးတဦးကို ကျပ် ငါးသောင်းကနေ တသိန်းအထိ ကုန်ကျနိုင်တယ်လို့ ကျောက်မျက်ရောင်းဝယ်သူတွေကပြောပါတယ်။

မန္တလေးကျောက်မျက်ရတနာရောင်းဝယ်ရေး စခန်း(ကျောက်ဝိုင်း) မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျောက် မျက် ရတနာ လုပ်ကိုင်သူတွေကို လိုင်စင်လုပ်ကြဖို့ အသိပေးစာတွေ လာရောက်ကပ်သွားတယ်လို့ အဲဒီကျောက်ဝိုင်းမှာ နေ့စဉ်ရောင်းဝယ်လုပ်နေသူတွေကဆိုပါတယ်။

“အမှန်ကဆိုင်တော့ မဆိုင်ဘူးဗျ၊ ပြည်ပကိုထွက်ရောင်းနေတာလည်း မဟုတ်ဘူး၊ကိုယ်ပြည်တွင်းမှာပဲ အရောင်း အဝယ်လုပ်ကြတာ အခွန်ကလည်း နဂိုကတည်းဆောင်ပြီးသားတွေပါ၊ကုမ္ပဏီကဆောင် ထားတဲ့ကျောက်တွေကိုပဲ အောက်ကလူတွေက အရောင်းအဝယ်လုပ်တာလေ၊လိုင်စင်ဆိုတာပွဲစားနဲ့ဆိုင်ကိုမဆိုင်တာပါ၊အခုတော့ စာကပ် သွားပြီး နောက်ဆိုရင်တော့ ဖမ်းတာဆီးတာတွေလုပ်လာနိုင်တယ် “ လို့ မန္တလေးကျောက်ဝိုင်းက ကျောက်ပွဲစား တဦးကပြောပါတယ်။

ကျောက်မျက်ရတနာ အရိုင်း၊ အချောရောင်းဝယ်ရေးလိုင်စင်ကို သက်တမ်း နှစ်နှစ် သတ်မှတ်ထားတယ် လို့ သိရ ပါတယ်။လုပ်ငန်းလိုင်စင်ရရှိထားသူတွေဟာ ရတနာခွန်ပေးဆောင်ထားတဲ့ ကျောက်မျက်အရိုင်းတွေကိုသာ အ ရောင်းအဝယ်ပြုလုပ်ရမှာဖြစ်သလို ရတနာဆိုင်ဖြစ်ပါကာ လိုင်စင်အမည်ပါ အရောင်းအဝယ်ပြေစာစာအုပ်နဲ့ ပြု လုပ်ရမယ်လို့ စစ်အုပ်စုက ကန့်သတ်လိုက်တာပါ။

ဒါပေမယ့် အဲဒီလုပ်ငန်းလိုင်စင်က ပြည်တွင်းမှာသာ ရောင်းဝယ်ဖို့ခွင့်ပြုပေးတာဖြစ်သလို ကျောက်မျက်အချော ထည်တွေကို ပြည်ပသို့ တင်ပို့ရောင်းချလိုပါက လုပ်ငန်းလိုင်စင် ထပ်မံပြုလုပ်ရမှာဖြစ်တယ်လို့ ကျောက်သမားတွေ ကပြောပါတယ်။

ကျောက်မျက်ရတနာ အရိုင်း၊ အချောရောင်းဝယ်ရေးလိုင်စင်မရှိဘဲ ရောင်းဝယ်တာပြုလုပ်ပါကာ ထောင်တနှစ်က နေ သုံးနှစ်အထိချနိုင်တယ်လို့ စစ်အုပ်စုက ခြိမ်းခြောက်ထားပါတယ်။

အလားတူပဲ စစ်အုပ်စုရဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနခွင့်ပြုချက်နဲ့ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးတဲ့ကျောက်မျက်ရတနာလုပ်ငန်းနဲ့ပတ်သက်လို့ လိုင် စင်ရထားပြီးသူတွေအနေနဲ့လည်း လိုင်စင်သက်တမ်းကုန်နေရင် သက်တမ်းတွေ တိုးကြဖို့ စစ်ကောင်စီက အသိ ပေးထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလတုန်းအတွင်း မန္တလေးမြို့ရှိ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဟာ အွန်လိုင်းကတဆင့် တရားမဝင် ကျောက်မျက်ရောင်းဝယ်တယ်လို့ဆိုကာ ကျောက်သမား ၄၀၀ နီးပါးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပါသေးတယ်။

အဲဒီ့နောက် ကျောက်မျက်ရတနာတွေကို သိမ်းဆည်းခဲ့သလို ဖမ်းဆီးခံရသူတွေကိုတော့ ကျောက်မျက်ဥပဒေတွေနဲ့ တရားရုံး အသီးသီးမှာ တရားစွဲတင်ခဲ့တာပါ။တရားစွဲခံရတဲ့ ကျောက်သမားတွေဟာ အနည်းဆုံးထောင်ဒဏ်သုံး နှစ် ကနေ သုံးနှစ်အထိ ချမှတ်ခံခဲ့ကြရပါတယ်။

အဲဒီတုန်းက ကိုဗစ်ကာလ ကန့်သတ်မှုတွေ ကျောက်ဝိုင်းပိတ်ထားရတဲ့အချိန် ကျောက်သမားတွေက အဆင်ပြေသ လို အရောင်းအဝယ်ပြုလုပ်ခဲ့ရပြီး ဖမ်းဆီးခံရချိန်မှာတော့ တရားမဝင်အရောင်းအဝယ်လုပ်တာကို ခေါင်းစဉ်တပ်ခဲ့ တာလို့ ကျောက်သမားတွေကပြောပါတယ်။

“အဲ့တုန်းက လိုင်စင်မရှိလို့ ဆိုတာထက် ဖမ်းချင်လို့ကို ဖမ်းတာလေ၊ဒါပေမယ့် တရားရုံးမှာကျတော့ လိုင်စင်မရှိ တော့ ပြောအားနည်းတဲ့သဘောမျိုးပါ၊အရင်ကတည်းကလည်းလုပ်ပေးတာမရှိတော့ ဒီတိုင်းလူတွေက ရောင်းဝယ် လုပ်ကြတာ၊အခုလိုင်စင်လုပ်ပေးထားတယ်ဆိုတော့ သူတို့အတွက်ပိုတောင် ဂွင်ဖြစ်နေအုန်းမယ်၊ ဖမ်းချင်သလို ဖမ်းမယ် လိုင်စင်မရှိရင်တော့ ပစ္စည်းကောဆုံးရှုံးမယ်၊လူလည်းထောင်ကျနိုင်တာပေါ့ “ လို့ ကျောက်သမား တဦး ကပြောပါတယ်။

အဲ့ဒီအချိန်ကဖမ်းဆီးခံခဲ့ရတဲ့ ကျောက်သမားအားလုံးနီးပါး ပြီးခဲ့တဲ့နှစ်ကတည်းက ပြန်လည်လွတ်မြောက် လာကြ ပေမယ့် ဖမ်းဆီးစဉ်ကသိမ်းဆည်းခံခဲ့ရတဲ့ ကျောက်မျက်တွေကတော့ ပြန်မရကြဘူးလို့သိရပါတယ်။